ပေါင်းတည်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကျင်းပ

ပေါင်းတည် ဇူလိုင် ၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကိုယ်ဝန်ဆောင်ကျေးရွာအုပ်စု၊ ကျွန်းကုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ယမန်နေ့နေ့လယ် ၁ နာရီတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်ပြည်သူများနှင့် ပြည်သူ့စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင်းဝင်းမော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စကားဝိုင်းကျင်းပရခြင်းရည်ရွယ် ချက်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံက ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပရာတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ဝင်းဝင်းမော်၊ စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး စိုက်ပျိုးရေးနည်းပညာ သဘောတရား များနှင့် လက်ရှိစိုက်ပျိုးရေး အခြေအနေများ၊ လယ်ယာမြေ အမည်ပေါက်ဂရန်ကိစ္စနှင့် အမည်ပြောင်းလျှောက်ထားခြင်းကိစ္စများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံကိန်းများအကြောင်းနှင့် တိရစ္ဆာန်ဇီဝလုံခြုံမှုအကြောင်းများနှင့် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းကို ဆွေးနွေးပြောကြားကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျေးလက်ပြည်သူများက မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်သည့်ကိစ္စရပ်များနှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးအကဲများက ပြန်လည်ရှင်းလင်း ညှိနှိုင်းဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။

ပေါင်းတည်(ပြန်/ဆက်)