ကလေး ဇူလိုင် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ ဦးဆောင်၍ အမျိုးသမီးများအကြမ်းဖက်မှုမှကာကွယ်ရေး၊ သက်ငယ်မုဒိမ်းမှု၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေရေးရာနှင့် ကျန်းမာရေးဆိုင်ရာများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာများ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကလေးမြို့၊ စမ်းမြို့ရပ်ကွက်ရှိ အိုင်းစတိုင်းကိုယ်ပိုင်အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာကလေးခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သဇင်မျိုးက အမျိုးသမီးအခွင့်အရေးဆိုင်ရာများကို အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအုပ်အောင် ဇော်မင်းထွန်းက ဆက်သွယ်ရေးဥပဒေဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူး ဦးဆယ်ဦးက ကိုယ်ပိုင်ကျောင်းဆိုင်ရာ စည်းကမ်းချက်များ၊ ခရိုင်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါ်မြင့်မြတ်နွယ်ဇင် ကသားအိမ်ခေါင်းရောဂါ ကာကွယ်ဆေးထိုးခြင်းဆိုင်ရာများ၊ မြို့နယ်ဥပဒေအရာရှိ ဦးဇင်မင်းထက်က သက်ငယ်မုဒိမ်းမှု၊ အမျိုးသမီးများအကြမ်းဖက်မှုမှ ကာကွယ်ရေးနှင့်ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒများ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က လူကုန်ကူးမှုတားဆီး ကာကွယ်ရေးနှင့်ပတ်သက်၍ ဟောပြောခဲ့ကြပြီး အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ဥပဒေအရာရှိ၊ လူကုန်ကူးမှုကာကွယ်တားဆီးရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ အိုင်းစတိုင်းကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၂၅၀ ဦး တက်ရောက်ခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)