ကျောက်ကြီး ဇူလိုင် ၂၅
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယမန်နေ့နံနက် ၁၁ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ ပဲခူးရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌(၂၀၂၆-၂၀၂၇) ဘဏ္ဍာရေးနှစ် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဌာနမှူး ဒေါက်တာ မျိုးကျော်အောင် ဦးဆောင်ပြီး ဌာနဝန်ထမ်းများနှင့်အတူ အ.ထ.က(ခွဲ) ပဲခူးရပ်ကျောင်းရှိ KG တန်း ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၅၄)ဦးအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ သည်။ ထိုသို့ဆောင်ရွက်ရခြင်းမှာ ကျောင်းသား၊ ကျောင်းသူများအားလုံး ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်များ စွဲမြဲကျင့်သုံးတတ်စေရေး အတွက် ပညာရေးနှင့်ကျန်းမာရေးအပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရန်၊ မူလတန်းကျောင်းသား၊ ကျောင်းသူများ၏ ကြီးထွားဖွံ့ဖြိုးကျန်းမာမှုနှင့် ပညာရေးတိုးတက်မှုများအတွက် ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းမိသားစုများ၏ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်ပုံစံများမြှင့်တင်ရန် ရည်ရွယ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ၏ ပြောကြားချက်အရသိရသည်။
ဆက်လက်ပြီး KG ကျောင်းသား၊ကျောင်းသူလေးများအား သန့်ရှင်းလတ်ဆတ်သော ထမင်း၊ ဟင်း၊ အစိမ်းကျော်၊ ပဲကုလားဟင်းနှင့် ဒေသထွက် ဖီးကြမ်းငှက်ပျောသီးများကို အာဟာရအဖြစ် ကျွေးမွေးခဲ့ကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေလင်းနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ပြီး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အ.ထ.က(ခွဲ) ပဲခူးရပ်ကျောင်းအုပ် ဆရာမကြီးနှင့်တာဝန်ခံ ဆရာ/ဆရာမများ ကဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)