ကယားပြည်နယ်ဝန်ကြီးချုပ် အဆင့်မြင့်သီရိမင်္ဂလာဈေးသစ်(တတိယပိုင်း)တည်ဆောက်ခြင်း ပန္နက်တင် မင်္ဂလာအခမ်းအနားတက်ရောက်

လွိုင်ကော် ဇူလိုင် ၂၅

ကယားပြည်နယ်အစိုးရရန်ပုံငွေဖြင့် လွိုင်ကော်မြို့ အဆင့်မြင့်သီရိမင်္ဂလာဈေးသစ် (တတိယပိုင်း)တည်ဆောက်ခြင်း ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်က အဆင့်မြင့်နှစ်ထပ်ဈေးရုံ တည်ဆောက်မည့်နေရာ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားသူကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် စည်ပင်သာယာရေးဝန်ကြီးတို့က သတ်မှတ်နေရာများအလိုက် ပန္နက်တင်ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ အဆင့်မြင့် သီရိမင်္ဂလာဈေးသစ် (တတိယပိုင်း)တွင် အဆင့်မြင့် နှစ်ထပ်ဈေးရုံ ၄ ရုံနှင့် တစ်ထပ် ဈေးရုံ ၁၄ ရုံတို့ကို တည်ဆောက်သွားမည်ဖြစ်ပြီး ဆိုင်ခန်းပေါင်း ၃၅၂ ခန်း ပါဝင်ကြောင်း သိရသည်။

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်းရေ အဘက်ဘက်မှ ကူညီပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင် ၂၃ ရက် မွန်းလွဲပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့ စက်မှုဇုန်လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှုနှင့် စက်မှုဇုန်လမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်စက်မှုဇုန်သို့ရောက်ရှိပြီး စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌက စက်မှုဇုန်အတွင်းလုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှု၊ လျှပ်စစ်ဓာတ်အားလိုင်းများ ပြန်လည်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူးက စက်မှုဇုန်အတွင်း လမ်း ၈ လမ်း အဆင့်မြှင့်တင်ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က စက်မှုဇုန်လုပ်ငန်းများ ယခုထက် ပိုမိုတိုးတက်လည်ပတ်နိုင်အောင် ဆောင်ရွက်ရန်နှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်များအား ဖိတ်ခေါ်ဆောင်ရွက်ရန် မှာကြားပြီးတက်ရောက်လာသည့် လုပ်ငန်းရှင်များနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ ဖြည့်ဆည်းပေးရန်များကို ဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စက်မှုဇုန်အတွင်း လည်ပတ်လျက်ရှိသည့် ရွှေစံအိမ်နှင့် ရွှေလွိုင်ကော် ပရိဘောဂလုပ်ငန်းများ၊ ဝင်းရတနာ လယ်ယာသုံး စက်ကိရိယာ ထုတ်လုပ်ရေးလုပ်ငန်း၊ ရွှေမင်းဆီစက်နှင့် ပအိုဝ်းပေးဆီစက်လုပ်ငန်း၊ ထိန်အောင်လင်းဆန်စက်နှင့် သီးနှံအခြောက်ခံစက်လုပ်ငန်း၊ ရွှေတောင်ဝင်းနှင့် ရွှေထိုက်တော်ဝင် အုတ်ဘလောက်နှင့် ကွန်ကရစ်လုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ စဉ်ဆက်မပြတ်လည်ပတ်နိုင်ရေး ဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ထို့နောက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးက ဆောင်ရွက်လျက်ရှိသည့် စက်မှုဇုန်အတွင်းရှိ လမ်းရှစ်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင် အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။

ပြည်နယ်(ပြန်/ဆက်)