ပဲခူး ဇူလိုင် ၂၅
ပဲခူးမြို့ မြို့တော်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် MSME Talk Show စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်အမှာစကားပြောကြားခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စိုက်ပျိုးရေးနှင့်မွေးမြူရေးအခြေပြု ဒေသထွက်ကုန်ကြမ်းပစ္စည်းများကို အခြေခံသည့် MSME ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရေး၊ ပြည်ပသွင်းကုန် အစားထိုး ထုတ်လုပ်နိုင်ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များကို ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရေးတို့ အတွက်ရည်ရွယ်၍ MSME Talk Show များကို ခရိုင်မြို့ကြီးများ၌ ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း၊ MSME လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ အတွေ့ အကြုံများ၊ အားသာချက်များနှင့် အားနည်းချက်များကို အပြန်အလှန်မျှဝေ၍ စုပေါင်းအဖြေရှာဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် အခက်အခဲများကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲအသုံးချနိုင်မှသာ အောင်မြင်မှုရရှိနိုင်မည်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး MSME Agency အနေဖြင့် ထုတ်ကုန်များ၏ အရည်အသွေးမြှင့်တင်ရေး၊ အဆင့်မီထုပ်ပိုးမှုစနစ်များ ဖော်ဆောင်ရေး၊ ဈေးကွက်ခိုင်မာစေရေး၊ ကုန်ကြမ်းပစ္စည်းများ စဉ်ဆက်မပြတ်ရရှိစေရေး၊ ချေးငွေလွယ်ကူစွာ ရရှိစေရေးနှင့် ထုတ်လုပ်မှုနည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ဘက်ပေါင်းစုံမှ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးကျော်ကျော်လင်း ဦးဆောင်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများ ပါဝင် သည့် ပဲခူးတိုင်းဒေသကြီး MSME Agency တာဝန်ရှိသူများက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းရှင်များနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များအပေါ် မေးမြန်း ဆွေးနွေးခြင်း၊ ပြန်လည်ရှင်းလင်းဖြေကြားခြင်းနှင့် အကြံပြုဆွေးနွေးခြင်းများကို ရင်းနှီးပွင့်လင်းစွာ ဆောင်ရွက်ခဲ့ကြသည်။
ဆွေးနွေးပွဲအပြီးတွင် ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် တက်ရောက်လာကြသည့် MSME လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အားပေးစကားပြောကြားခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီး MSME Agency မှ ကြီးမှူးကျင်းပသည့် MSME Talk Show စကားဝိုင်း ဆွေးနွေးပွဲများမှတစ်ဆင့် ဒေသတွင်း MSME လုပ်ငန်းများအချင်းချင်း ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်နိုင်ရေး၊ နည်းပညာနှင့် အတွေ့အကြုံများ ဖလှယ်နိုင်ရေး၊ ဈေးကွက်အခွင့်အလမ်းများ တိုးချဲ့ရရှိနိုင်ရေး၊ တီထွင်ဆန်းသစ်မှုများ မြှင့်တင်နိုင်ရေးနှင့် ယှဉ်ပြိုင်နိုင်စွမ်းများ မြင့်မားလာရေးတို့ကို အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)