သဲကုန်းမြို့နယ်၌ ကျေးလက်လူနေမှုဘဝဖွံ့ဖြိုးတိုးတတ်စေရန် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

သဲကုန်း ဇူလိုင် ၂၄

တိုင်းဒေသကြီး၊ ပြည်နယ်ခရိုင်၊ မြို့နယ်များရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စာပေပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများ၊ လူငယ်အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ (Public Talk) ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲများကို ကျင်းပဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ တံခွန်တိုင်ကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာတွင် ယနေ့နံနက် (၉) နာရီက ကျေးလက်‌ဒေသဖွံ့ဖြိုးရေးခေါင်းစဥ်ဖြင့် (Public Talk) ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားတွင် အင်းမမြို့အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ဟိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူက ဒီမိုကရေစီစနစ်၏ အင်္ဂါရပ်များနှင့်အညီ အများပြည်သူနှင့် အစိုးရတာဝန်ရှိသူများအကြား ဆွေးနွေးတိုင်ပင်ရမည့်အကြောင်းကိစ္စများကို ဆွေးနွေးပြောကြားနိုင်သည့် အခွင့်အလမ်းများအား ဖော်ဆောင်ပေးရန်၊ မိမိရပ်ရွာဒေသတွင်ဖြစ်ပေါ်နေသည့် အကြောင်းအရာများကို အများပြည်သူကြားတွင် ဆွေးနွေးမှုများရှိလာစေရန်၊ ပြည်သူလူထု၏ စဉ်းစားတွေးခေါ်မှုများ မြင့်မားလာပြီး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ ပြည်သူ့စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းအား ကျင်းပရာ တိုင်းဒေသကြီးလွှတ်‌တော်ကိုယ်စားလှယ် ဦးအုန်းသွင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးထက်ပိုင်မင်းတို့က ဦးဆောင်ဆွေးနွေး၍ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းကို၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထက်နောင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးသိမ့်သော်တို့ကမိမိတို့၏ ဌာနများအနေဖြင့် ကျေးရွာနေပြည်သူများ၏ လူမှု၊ စီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး အထူးအလေးထားဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအား ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ဒေသခံပြည်သူများက သိရှိလိုသည့်အကြောင်းအရာများ မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

ကိုကျော် (သဲကုန်း)