စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ခန္တီးမြို့၊ စိုက်ပျိုးရေး/မွေးမြူရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ခန္တီးမြို့ပေါ်ရှိ ဒေသခံပြည်သူများ တွေ့ဆုံပွဲ တက်ရောက်

မုံရွာ ဇူလိုင် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခန္တီးခရိုင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ဇူလိုင်လ ၂၂ ရက်၊ နံနက်ပိုင်းတွင် ခန္တီးမြို့နယ်၊ ပေါမိုင်းအုပ်စု၊ အောင်သာကျေးရွာ၊ ကွင်းအမှတ် - ၄ တွင် ကျင်းပပြုလုပ်သည့် ဒေသခံတောင်သူများအား စပါးမျိုးစေ့နှင့် ဆေးဖျန်းပုံးများ ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီးသည် ရေခံမြေခံကောင်းမွန်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောင်မြင်ဖြစ်ထွန်းသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပါကြောင်း၊ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများအနေဖြင့် မိမိတို့ဒေသရှိ ပြည်သူများ စားရေရိက္ခာဖူလုံပြည့်ဝစေရေးအတွက် စိုက်ပျိုးသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေး၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးသွားရေးနှင့် စိုက်ခင်းများအတွင်း သွင်းအားစုဓါတ်မြေဩဇာများ စနစ်တကျထည့်သွင်းကာ သီးထပ်စိုက်ပျိုးသွားတို့အား ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ဒေသခံတောင်သူများအတွက် လိုအပ်သည့်ပံ့ပိုးကူညီမှုများအား ဌာနများအချင်းချင်း ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။   

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ဒေသခံတောင်သူများထံ ဆင်းဧကရီ-၃ စပါးမျိုးစေ့များနှင့် ဆေးဖျန်းပုံးများအား ပေးအပ်ခဲ့ကြပြီး ဒေသခံတောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒေသခံတောင်သူများမှ မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြသမှုများအား ကြည့်ရှုခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန္တီးမြို့၊ ပေါမိုင်းရပ်ကွက်ရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဦးဘစိန်၏ နွားမွေးမြူခြံသို့ ရောက်ရှိရာ မွေးမြူရေးလုပ်ငန်းရှင်မှ ဒေသနွားများနှင့် ဖရီရှန်နို့စားနွားများ မွေးမြူထားရှိမှုအခြေအနေများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မွေးမြူရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ကြက်မဲနှင့် ဒေသကြက်များအား ဥဖောက်စက်များဖြင့် ကြက်အကောင်ဖောက် မွေးမြူထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အစိုးရစက်မှု၊ လက်မှုသိပ္ပံ(ခန္တီး) သို့ ရောက်ရှိရာ ကျောင်းအုပ်ကြီးမှ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းသား၊ကျောင်းသူများ ပညာသင်နေမှုအခြေအနေများနှင့် စီမံ/အုပ်ချုပ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းရှိ ကျောင်းသား၊ကျောင်းသူများ၏ EP/EC လက်တွေ့သင်ကြားနေမှုများနှင့် စာကြည့်တိုက်တို့အား လိုက်လံကြည့်ရှုခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန္တီးမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ ရောက်ရှိရာ ကျောင်းအုပ်ဆရာမကြီးက ဘဏ္ဍာနှစ်အလိုက် အိမ်တွင်းမှုစက်ချုပ်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေအခြေအနေများနှင့် အုပ်ချုပ်/စီမံလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ သင်တန်းသူ ၂၀ ဦးအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါအိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်းရှိ သင်တန်းသူများကိုယ်တိုင် ချုပ်လုပ်ထားသည့် အဝတ်အထည်များ၊ လက်မှုပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများနှင့် ခန္တီးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ မိသားစုဝင်ငွေရရှိစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် အခြေခံ/အဆင့်မြှင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း ဖွင့်လှစ်သင်ကြားပေးနေမှု၊ သင်တန်းသူအိပ်ဆောင်၊ထမင်းစားဆောင်၊ စာကြည့်တိုက်တို့အား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန္တီးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ကော်မတီရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ခန္တီးမြို့ပေါ်ရှိ မြို့မိ၊မြို့ဖများ၊ တိုင်းရင်းသားရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်နှင့် မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ခန္တီးခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးနေမှု လုပ်ငန်းအစီအမံများအား ရှင်းလင်းပြောကြားသည်။

ယင်းနောက် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ခန္တီးမြို့ပေါ်ရှိ မြို့မိ၊မြို့ဖများ၊ တိုင်းရင်းသားရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံပြည်သူများက ခန္တီးမြို့ ဒေသဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန္တီးမြို့၊ ချင်းတွင်းမြစ်ကမ်းဘေးရှိ မဥ္ဇူပန်းခြံ သာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆင်သေကျေးရွာအုပ်စု၊ နာတိုက်ကျေးရွာရှိ တောင်သူ ဦးစိုင်းနောင် စိုက်ပျိုးထားရှိသည့် လက်ဖက်ပင်များ စိုက်ပျိုးထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)