မြောင်းမြမြို့တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့်ဒေသခံအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကျင်းပ

မြောင်းမြ ဇူလိုင် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင်လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် (၉:၃၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြရွှေဝါခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြောင်းမြခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်က မြောင်းမြခရိုင်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစောသက်နိုင်ဦးက လွှတ်တော်ဆိုင်ရာ အတွေ့အကြုံများအား ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များက နှုတ်ဆက်စကားပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနားတက်ရောက်လာသူများက အထွေထွေဆွေးနွေး တင်ပြလိုသည်များအား ဆွေးနွေးတင်ပြခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ၊ မြောင်းမြခရိုင်နှင့် မြို့နယ်များမှ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ခရိုင်အတွင်းမှ ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇေယျာ(ပြန်/ဆက်)