ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ဟားခါး ဇူလိုင် ၂၄

ချင်းပြည်နယ် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၂၃ ရက်နေ့ နံနက် ၁၀ နာရီက ချင်းပြည်နယ်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ လူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ ပြည်နယ် ပညာရေးမှူး၊ ဟားခါးခရိုင်/မြို့နယ်ပညာရေးမှူးနှင့် ထန်တလန်မြို့နယ်ပညာရေးမှူးတို့ တက်ရောက် ပြီး မတူပီမြို့နယ်၊ ဖလမ်းမြို့နယ်၊ တီးတိန်မြို့နယ်၊ တွန်းဇံမြို့နယ်၊ ပလက်ဝမြို့နယ်ပညာရေးမှူးများ သည် Zoom Application ဖြင့် တက်ရောက်ကြသည်။   

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်၊ ခရိုင်၊ မြိုနယ်အဆင့်အလိုက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ကျင်းပ ဆောင်ရွက်ရန်လိုကြောင်း၊ ပညာရေးကဏ္ဍနှင့်ပတ်သက်၍ အထက်ဌာနများသို့ တင်ပြရာတွင် အချက်အလက် ကိန်းဂဏန်းများ မှန်ကန်မှုရှိရန် အရေးကြီးကြောင်း ၊ အရည်အသွေး ၊ အရည်အချင်းရှိသော သင်ကြားရေးဆရာ/ ဆရာမများဖြစ်ရန် အရေးကြီးကြောင်း၊ ဘာသာရပ်အလိုက် ကျွမ်းကျင် သည့် သင်ကြားရေးဆရာ/ ဆရာမ လိုအပ်သကဲ့သို့ ထိရောက်သည့် Learning Teaching ဖြစ်ဖို့ရန်လည်း လိုအပ်ကြောင်း၊ သို့ဖြစ်၍ နည်းပြသင်တန်းများ တက်ရောက်နိုင်ရေး အားပေးဆောင်ရွက်ရန်နှင့် သင်တန်းတက်ရောက်နိုင်ရေးအတွက် လိုအပ်ချက်များရှိပါက ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိမြို့နယ်အလိုက် အခြေခံပညာကျောင်းများ၏ လိုအပ်ချက်များကို နောင်ကျင်းပမည့် အစည်းအဝေးများတွင် လိုတိုရှင်းတင်ပြနိုင်ရေး ကြိုတင်စုစည်းဆောင်ရွက်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် မိမိမြို့နယ်အလိုက် အခြေခံပညာကျောင်းများ၏ လိုအပ်ချက်များ၊ ဆောင်ရွက်ပေးရမည့်လုပ်ငန်းများကို တင်ပြဆွေးနွေးစေလိုကြောင်းဖြင့် အမှာစကား ပြောကြားသည်။ ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ဦးစိန်ထွန်းလှက ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးတင်သည်။

ယင်းနောက် ချင်းပြည်နယ်ပညာရေးမှူးနှင့် ဟားခါးမြို့နယ်၊ ထန်တလန်မြို့နယ်၊ မတူပီမြို့နယ်၊ ဖလမ်းမြို့နယ်၊ တီးတိန်မြို့နယ်၊ တွန်းဇံမြို့နယ်၊ ပလက်ဝမြို့နယ်ပညာရေးမှူးများက မိမိတို့မြို့နယ်အလိုက် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)