မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် လူဦးရေစာရင်း ကောက်ယူမည်

မင်းလှ ဇန်နဝါရီ  ၂၅

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ရရှိလာပါက ဒေသခံပြည်သူများအား ကာကွယ်ဆေးအသင့် ထိုးနှံနိုင်ရန်အတွက် လူဦးရေစာရင်း ကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲချိန်က  ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညွှန့်က  မြို့နယ်အတွက်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရရှိလာပါက ကာကွယ်ဆေး ဦးစားပေး ထိုးနှံပေးမည့် လူများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လူဦးရေစာရင်းများ ကောက်ယူရာတွင် တိကျမှန်ကန်စွာ အချိန်မီကောက်ယူနိုင်ရေးတို့ကို ပြောကြားသည်။

ဆက်လက်၍ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသူရိန်ထွန်းက (၁.၁.၂၀၀၃) ရက်နေ့နှင့် နောက်ပိုင်း မွေးဖွားသူများ စာရင်း ကောက်ယူခြင်း မပြုရန်၊ လူဦးရေစာရင်းကောက်ယူရာတွင် ဆောင်ရွက်ရမည့် အချက်များနှင့် ဖြည့်သွင်းရမည့်ပုံစံများအကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများက လူဦးရေစာရင်းများ ကောက်ယူမှုနှင့် ပတ်သက်၍ မရှင်းလင်းသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ မြို့နယ် အုပ်ချုပ်ရေးမှူးက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်းသိရသည်။

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးရရှိနိုင်မှုအပေါ် မူတည်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသက်(၁၈) နှစ်အထက် ဦးစားပေး အုပ်စုများ အလိုက် ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်အရ မင်းလှမြို့နယ်တွင်ယနေ့ ညနေပိုင်းမှစတင်၍ အသက် (၁၈)နှစ်အထက် လူဦးရေစာရင်းများကို စတင်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ပေါက်စ မင်းလှ