ရွှေဘို ဇူလိုင် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် KG အရွယ် ကျောင်းသား/ ကျောင်းသူတစ်ဦးအတွက် တစ်နေ့တာစွမ်းအင်လိုအပ်ချက်၏ အနည်းဆုံး (၃၀) ရာခိုင်နှုန်း၊ (၅၅၅) ကီလိုကယ်လိုရီ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းများကို အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် (၁၁)နာရီ အချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အာဟာရကျွေးမွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် KG ကျောင်းသား/ ကျောင်းသူလေးများအား သတ်မှတ်ပုံစံနှင့်အညီ ကျွေးမွေးခဲ့ကြောင်းနှင့် အာဟာရကျွေးမွေးနေမှုများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ အလားတူ ရွှေဘိုမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်း(၃၆)ကျောင်းရှိ KG ကျောင်းသား/ ကျောင်းသူလေးများအား အာဟာရကျွေးမွေးခြင်းများကို တပြိုင်တည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)