အထက်မင်းလှ ဇူလိုင် ၂၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် တီဘီရောဂါကင်းဝေးပပျောက်ရေး၊ လူတိုင်းသက်တမ်းစေ့နေထိုင်နိုင်ရေး ရည်ရွယ်ချက်ဖြင့် မကွေးတိုင်းဒေသကြီး Mobile TB Teams မှ အဖွဲ့ခေါင်းဆောင် ဒေါက်တာအောင်မျိုးဦး ခေါင်းဆောင်သော အဖွဲ့သည် မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးဝဏ္ဏ ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းပြီး ဇူလိုင် ၁၉ ရက်နေ့မှစတင်၍ တီဘီရောဂါကွင်းဆင်းရှာဖွေကုသခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မင်းလှမြို့နယ်အတွင်းရှိ ရေခါးကျေးရွာ၊ မလွန်ကျေးရွာ၊ ပန်းတော်ပြင်ကျေးရွာ၊ ဥယျာဉ်ကျေးရွာ၊ ညောင်ပင်သာကျေးရွာ နှင့် မင်းလှမြို့ပေါ်ရှိ အမှတ် (၈) ရပ်ကွက်ရှိ ကျေးရွာနေပြည်သူများအား ဇူလိုင် ၁၉ ရက်မှ ၂၃ ရက်နေ့အထိ တီဘီရောဂါ ရှာဖွေကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဓာတ်မှန်ရိုက် (၅၆၅) ဦး သလိပ်စစ် (၅၂) ဦးတို့အား တီဘီရောဂါရှိ/မရှိစစ်ဆေးပေးရာ တီဘီဆေးသောက်ရသူ စုစုပေါင်း (၅) ဦးရှိကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဝင်းမြတ်(အထက်မင်းလှ)