ဟိုင်းကြီးကျွန်း ဇူလိုင် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ၂၀၂၆-၂၀၂၇ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ ထူးထူးချွန်ချွန်အောင်မြင်ခဲ့ကြသော ဂုဏ်ထူးရကျောင်းသား/ကျောင်းသူများနှင့် သင်ကြားပေးခဲ့သော ဆရာ/ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်သည့် "အောင်မြင်သူများနေ့" အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အ.ထ.က ဟိုင်းကြီး၊ အခြေခံပညာအထက်တန်းကျောင်း၊ မြကျွန်းသာဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အ.ထ.က ဟိုင်းကြီး၊ အခြေခံပညာအထက်တန်းကျောင်းမှ Grade-2 ကျောင်းသား/ ကျောင်းသူလေးများက "လောကအားမာန်" အကအလှဖြင့် လည်းကောင်း၊ Grade-8 ကျောင်းသား/ကျောင်းသူလေးများက အ.ထ.က ဟိုင်းကြီးကျောင်းသီချင်းဖြစ်သည့် "ရောင်စုံ ပန်းခင်း"သီချင်းဖြင့် လည်းကောင်း၊Grade-11 ကျောင်းသား/ကျောင်းသူလေးများက "ဘက်စုံပညာရည် ဒို့လှမ်းချီ" သီချင်းဖြင့်လည်းကောင်း ကပြသီဆိုဖျော်ဖြေ၍ အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့သည်။
ထို့နောက် ပမ္မဝတီရေတပ်စခန်းဌာနချုပ် ခေတ္တဌာနချုပ်မှူး ဗိုလ်မှူးကြီးရဲမာန်ဝင့်က အခက်အခဲများကြားမှ ကြိုးစားပြီး သင်ယူသင်ကြားခဲ့ကြကာ ယခုလို အောင်မြင်မှုကို ရရှိခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်းနှင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကလည်း နိုင်ငံတော်တည်ဆောက်ရာတွင် ထူးချွန်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင် ဆက်လက်ကြိုးစားကြရန်လိုပါကြောင်း ဂုဏ်ပြုအမှာ စကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ဟိုင်းကြီးကျွန်းမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံက ယခုလို ထူးထူးချွန်ချွန်အောင်မြင်အောင် ကြိုးစားခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအတွက် အလွန်ပင်ဂုဏ်ယူမိပါကြောင်းနှင့် ကျောင်းသား/ကျောင်းသူများအား ထူးချွန်အောင် သင်ကြား ပေးခဲ့ကြသည့် ဆရာ/ဆရာမများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ယခုလို မြို့နယ် အောင်ချက် ပထမအဆင့်ရရှိအောင် ကြိုးစားဆောင်ရွက်ခဲ့ကြသော ကျောင်းအုပ်ဆရာကြီး၊ ဆရာ၊ ဆရာမများ၊ မိဘများနှင့် ဝိုင်းဝန်းပံ့ပိုးပေး ကြသူများအားလုံးကို ဟိုင်းကြီးကျွန်းမြို့သူ/ မြို့သားများအားလုံးကိုယ်စား မှတ်တမ်းတင် အသိအမှတ်ပြုပါကြောင်း ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၆-၂၀၂၇ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရကျောင်းသား/ကျောင်းသူများ၊ ထူးထူးချွန်ချွန်အောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများ၊ ဂုဏ်ထူးများရရှိအောင် သင်ကြားပေးခဲ့သော ဆရာ/ဆရာမများအား ပမ္မဝတီရေတပ်စခန်း ဌာနချုပ် ခေတ္တဌာနချုပ်မှူး ဗိုလ်မှူးကြီးရဲမာန်ဝင့်၊ဟိုင်းကြီးကျွန်းမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့် မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများမှ ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုအမှတ်တရပစ္စည်းများနှင့် အ.ထ.က ဟိုင်းကြီး၊ အခြေခံပညာအထက်တန်းကျောင်းအတွက် အလှူငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အ.ထ.က ဟိုင်းကြီး၊ ကျောင်းအုပ်ဆရာကြီးဦးဖြိုးရာဇာဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
အ.ထ.က ဟိုင်းကြီးအခြေခံပညာအထက်တန်းကျောင်းအနေဖြင့် ၂၀၂၆-၂၀၂၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ (၁၀၆) ဦးအနက် အောင်မြင်သူ (၇၁) ဦးရှိခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း (၆၆.၉၈) ရာခိုင်နှုန်းဖြင့် မြို့နယ်အောင်ချက်ပထမအဆင့် ရရှိ၍ (၃) ဘာသာဂုဏ်ထူးရှင် (၃) ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၂) ဦး၊ (၁) ဘာသာဂုဏ်ထူးရှင် (၆) ဦး ရှိကြောင်းသိရသည်။
လှိုင်မျိုးအောင် (ဟိုင်းကြီးကျွန်း ပြန်/ဆက်)