ဘားအံစက်မှုဇုန်၌ မိုးရာသီ(တတိယအကြိမ်)သစ်ပင်စိုက်၊ ရေဘုတ်ရေလှောင်တမံအတွင်း ငါးမျိုး စိုက်ထည့်

ဘားအံ ဇူလိုင် ၂၄

ကရင်ပြည်နယ်အတွင်း သစ်တောများပြုစုထိန်းသိမ်းခြင်းနှင့် သစ်ပင်များစိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးကို အများပြည်သူကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည်ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန် ဇူလိုင်လ ၂၄ ရက်နေ့နံနက်ပိုင်းက ဘားအံ-လှိုင်းဘွဲကားလမ်းမကြီးဘေးရှိ ဘားအံစက်မှုဇုန်ကြီးကြပ်မှုကော်မတီရုံး ပရဝုဏ်၌ မိုးရာသီ(တတိယအကြိမ်) သစ်ပင်စိုက်ပွဲကို ကျင်းပသည်။

သစ်ပင်စိုက်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ဘားအံစက်မှုဇုန်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌထံ သစ်ပင်များဖြန့်ဝေပေးအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးနှင့်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဘားအံစက်မှုဇုန်မှ တာဝန်ရှိသူများ၊ဘားအံတက္ကသိုလ်၊ ဘားအံပညာရေးဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများက ရှင်သန်ကြီးထွားရန်အကောင်းဆုံးအရွယ်ရှိသော အမြင့် (၂)ပေနှင့်အထက် ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ စိန်ပန်း၊ ပိတောက်၊ ရေတမာ၊ ခရေပင်ပေါင်း ၇၅၅ ပင်ကို လူထုလှုပ်ရှားမှုအသွင် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် ဒေသနှင့်ကိုက်ညီသည့် သစ်မျိုးစုံ ၂၁၅၀၀၀ (နှစ်သိန်းတစ်သောင်းငါးထောင်)ပင်ကို စိုက်ပျိုးရန်လျာထားဆောင်ရွက်ခဲ့ပြီး မိုးရာသီလူထုလှုပ်ရှားမှုအသွင် သစ်ပင်စိုက်ပွဲ ပြည်နယ်အဆင့်(၅)ကြိမ်၊ ခရိုင်အဆင့်(၄)ကြိမ်၊ မြို့နယ်အဆင့်(၁)ကြိမ်၊ စုစုပေါင်း ၁၀ ကြိမ်၊  တစ်ရွာ(၂)ဧကကျေးရွာပိုင်စိုက်ခင်း (၄)ဧက၊ ဌာနဆိုင်ရာတပ်ရင်းတပ်ဖွဲ့များသို့ဖြန့်ဝေစိုက်ပျိုးခြင်း၊ ဒေသခံပြည်သူလူထုသို့ ဖြန့်ဝေစိုက်ပျိုးခြင်းတို့ဖြင့် စုစုပေါင်း ၁၉၃၅၈၆ ပင် ရာခိုင်နှုန်းအားဖြင့် ၉၀ ဒဿမ ၀၄ ရာခိုင်နှုန်း စိုက်ပျိုးပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

အလားတူ ကရင်ပြည်နယ်အတွင်း ငါးသယံဇာတပေါများပြီး ဒေသစားသုံးမှုဖူလုံစေရန် ယခုနှစ်မိုးရာသီတွင် ငါးကောင်ရေ ရှစ်သိန်းသုံးသောင်းကျော်ကို သဘာဝရေပြင်မြစ်ချောင်းအင်းအိုင်တမံများအတွင်း ငါးမျိုးစိုက်ထည့်ပေးသွားရန် လျာထားဆောင်ရွက်လျက်ရှိရာ ဇူလိုင် လ ၂၄ ရက်နေ့နံနက် ၉ နာရီက လှိုင်းဘွဲမြို့နယ် ရေဘုတ်ရေလှောင်တမံတွင် ငါးမျိုးစိုက်ထည့်ပေးသည့်အခမ်းအနားကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများတက်ရောက် ငါးမျိုးစိုက်ထည့်ပေးခဲ့သည်။

ငါးမျိုးစိုက်ထည့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ရေဘုတ်ရေလှောင် တမံအနီးပတ်ဝန်းကျင်ရှိ ထီလုံ၊ နောင်သငဲ့၊ ကျောက်တောင်၊ သမ္ဘာန်၊ သပုထို အစရှိသောကျေးရွာများမှ ဒေသခံပြည်သူများက ရှင်သန်ကြီးထွားရန်အကောင်းဆုံးအရွယ်ရှိသည့် ၂ လက်မ အောက်ခံအရွယ် ငါးခုံးမကြီးကောင်ရေတစ်သိန်းကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)