ကန့်ဘလူ ဇူလိုင် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက်စိုက်ပျိုးရန် အောင်နိုင်တိုးစပါးဆားရည်စိမ်ရွေးချယ်ခြင်းနည်းလမ်းအား လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းကို ယမန်နေ့က တောက္ကရှပ်ကျေးရွာ တောင်သူဦးအောင်ရွှေ၏နေအိမ်ခြံဝန်း၌ ဒေသခံတောင်သူများအား လက်တွေ့သရုပ်ပြသသည်။
ရှေးဦးစွာ ကန့်ဘလူခရိုင်စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့တာဝန်ခံ ဒေါ်မာမာဝင်းက စပါးဆားရည်စိမ်ပြုလုပ်နည်းအဆင့်ဆင့်နှင့်လိုအပ်သောပစ္စည်းများ၊ ထည့်သွင်းအသုံးပြုရန်နှုန်းထားများ၊ စပါးဆားရည်စိမ်ပြုလုပ်သုံးစွဲခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။
စိုက်ပျိုးမည့်စပါးများ ဆားရည်စိမ်ခြင်းအားဖြင့် စပါးမျိုးအဖျင်းအမှော်၊ လုံးပိန်၊ လုံးညှပ် ကင်းရှင်း၍ အပင်ပေါက်ကောင်းသောအောင်မြင်သည့် မျိုးစေ့များရွေးချယ်နိုင်ခြင်း၊မလိုအပ်သောစပါးမျိုးစေ့များကိုဖယ်ရှားနိုင်ခြင်း၊ အထွက်နှုန်းတိုးစေခြင်း၊ မျိုးစေ့နှုန်းထားလျှော့ချနိုင်ခြင်း၊ မျိုးစေ့ဆောင်ရောဂါကို (၇၅) ရာခိုင်နှုန်းဖယ်ရှားနိုင်ခြင်း၊ အရည်အသွေးကောင်းသောမျိုးစေ့များရရှိပြီး သန်မာသောပျိုးပင်များရရှိသဖြင့် ကိုယ်ခံအားကောင်းပြီး ပိုးမွှားရောဂါဒဏ်ပိုမိုခံနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်းသိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)