ကျွန်းလှမြို့နယ်၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြ

ကျွန်းလှ ဇူလိုင် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဒေသတွင်းစာနပ်ရိက္ခာဖူလုံပြီး စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက်စိုက်ပျိုးခြင်းကို ဇူလိုင် ၂၄ ရက် နံနက် ၇ နာရီက တပ်ကုန်းကျေးရွာ ကွင်းအမှတ် (၄၉၅) တောင်သူဦးမင်းနိုင်၏ လယ်မြေ သုံးဧက၌ ကျင်းပသည်။

မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် ကြိုးတန်း ၁၀ တန်း တစ်တန်းလှပ် စိုက်ပျိုးခြင်းဖြင့် တစ်ဧက ကောက်ကွက် (၁ ဒသမ ၂) သိန်းမှ (၁ ဒသမ ၅) သိန်းထိ ဝင်ဆံ့မည်ဖြစ်ကြောင်း၊ လေဝင်လေထွက်ကောင်းမွန်ပြီး ပေါင်းထိုးတမန်းနှိုး လွယ်ကူမည်ဖြစ်ကြောင်း၊ သိပ္ပံနည်းကျ စိုက်နည်းစနစ် လိုက်နာကျင့်သုံးပါက တစ်ဧက တင်း (၁၀၀) အထက်ထွက်ရှိမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ရှင်းလင်းပြောကြားသည်။

အဆိုပါ ကွင်းသရုပ်ပြပွဲကို မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများမှ မိုးစပါးစံပြကွက်စိုက်ပျိုးနေခြင်းကို ကြည့်ရှုအားပေးကြသည်။

ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သောဒေသဖြစ်ကြောင်း စပါးအပြင် သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်ကြရာ ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိနေကြပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးလာမည်ဖြစ်ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ