ဘားအံ ဇူလိုင် ၂၄
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲကို ဇူလိုင် ၂၃ ရက် မွန်းလွဲ ၂ နာရီက ဘားအံမြို့ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်မိုးလုံလေလုံအားကစားရုံ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။
ဦးစွာ အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ဘားအံတက္ကသိုလ်အသင်းနှင့် ဘားအံပညာရေးဒီဂရီကော လိပ်အသင်းတို့ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများမှ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် ဘားအံတက္ကသိုလ်အသင်းက သုံးပွဲပြတ်ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ဗိုလ်လုပွဲစဉ်အပြီးတွင် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အမျိုးသား၊အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် စပေးဘော၊ ဆယ်မ၊ ပင့်ထောင်၊ ရိုက်ခုတ်၊ ပိတ်ဆို့နှင့်ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုရရှိကြသူများကိုလည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲတွင် တတိယဆုရ နည်းပညာတက္ကသိုလ်အသင်း၊ ဒုတိယဆုရ ဘားအံပညာရေးဒီဂရီကောလိပ်အသင်း၊ အမျိုးသားပြိုင်ပွဲတွင် တတိယဆုရနည်းပညာတက္ကသိုလ်အသင်းတို့ကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က အမျိုးသားပြိုင်ပွဲဒုတိယဆုရ ဘားအံပညာရေးဒီဂရီကောလိပ်အသင်းအားလည်းကောင်း တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုများပေး အပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်နန်းဘေဘီမြင့်က အမျိုးသမီးပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲသွားသော ဘားအံတက္ကသိုလ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု(၈)သိန်းကျပ်နှင့်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ကာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အမျိုးသားပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲသွားသော ဘားအံတက္ကသိုလ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု(၈)သိန်းကျပ်နှင့်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)