တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် အမှတ်(၂) အခြေခံပညာနှင့် စက်မှု၊စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများအတွက် အာဟာရဖြည့်စွက်စာနှင့်ချီးမြှင့်‌ငွေများ ပေးအပ်

ကော့သောင်း ဇူလိုင် ၂၄

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ  ကော့သောင်းမြို့နယ်၊ ရွှေပြည်စိုးကျေးရွာအုပ်စု သောင်‌ဖြူကျေးရွာရှိ တိုးတက်အောင် ရေငန်ပုစွန်မွေးမြူထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက်၏ သမဝါယမထုတ်ကုန်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ဥစားကြက်မွေးမြူရေးလုပ်ငန်းသို့ ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုသည်။

ထိုသို့သွားရောက်ကြည့်ရှုရာတွင် ကြက်မွေးမြူရေးလုပ်ငန်းမှ တာဝန်ရှိသူများက ဒေသတွင်းဝမ်းစာဖူလုံရေးအတွက် မွေးမြူရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ကြက်မွေးမြူရေးခြံတွင် ပတ်ဝန်းကျင်ညစ်ညမ်းမှုလျှော့ချနိုင်ရန်နှင့် လျှပ်စစ်ဓာတ်အားလုံလောက်မှုရှိစေရန်တို့အတွက် ကြက်ချေးမှ Bio Gas (ဇီဝဓာတ်ငွေ့) ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအဆင့်ဆင့်အား ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဥစားကြက်နှစ်သောင်းကျော်အား အဆောက်အဦ (၈)ခုဖြင့် မွေးမြူထားရှိမှုနှင့် ဥစားကြက်သားပေါက်မှ ဥစားအရွယ်ကြက်ငယ်ငါးထောင်ကျော်အား အဆောက်အဦ(၄)ခုဖြင့် မွေးမြူထားရှိမှုများ၊ တစ်ရက်အတွင်းထွက်ရှိသည့် ကြက်ဥ‌တစ်သောင်းရှစ်ထောင်ကျော်အား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရန် ကြက်ဥအရွယ်အစားအလိုက် ရွေးချယ်ဆောင်ရွက်နေမှုများ၊ စွန့်ပစ်အညစ်အကြေးများ အလေအလွှင့်မရှိရေး Bio Gas ထုတ်လုပ်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများအား လိုက်လံကြည့်ရှုခဲ့ကြ‌သည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အမှတ်(၂)အခြေခံပညာနှင့် စက်မှု၊စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ သွားရောက်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကျောင်းသား၊ကျောင်းသူလေးများအား “စိုက်ပျိုးမွေးမြူရေးဆိုင်ရာပညာရပ်များအား ကျွမ်းကျင်အောင် ကြိုးစားသင်ယူ၍ မိမိတို့သင်ကြားလေ့ကျင့်တတ်မြောက်ထားကြသည့် စိုက်ပျိုးမွေးမြူရေးပညာရပ်များဖြင့် မိမိဒေသ၊ မိမိတို့နိုင်ငံတော်ကို အကျိုးပြုနိုင်ဆောင်ရွက်သွားကြရန်” လမ်းညွှန်အမှာစကားပြောကြားပြီး ကျောင်းသား/ကျောင်းသူများအတွက် အာဟာရဖြည့်စွက်စာများနှင့်ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်  စက်မှု၊စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအတွက် ဆောင်ရွက်ထားရှိသည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာ လက်တွေ့သရုပ်ပြစိုက်ခင်းများ၊ မွေးမြူရေးခြံများနှင့် ငှက်ပျောပင်စွန့်ပစ်အစိတ်အပိုင်းများဖြင့် သဘာဝမြေဆွေးပုံ လက်တွေ့ဆောင်ရွက်ထားရှိမှုများအား  လိုက်လံကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)