လှိုင်းဘွဲမြို့နယ်၌ ရပ်ကွက်၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

လှိုင်းဘွဲ ဇူလိုင် ၂၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT)ကို ဇူလိုင် ၂၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ (၂) ရက်တာသင်တန်းကို ဘားအံမြိုနယ်နှင့် လှိုင်းဘွဲမြို့နယ်တို့မှ ဥပဒေအရာရှိများက ဥပဒေရေးရာသင်ခန်းစာများကို ပို့ချပေးခဲ့ပြီး ယမန်နေ့ည ၄ နာရီက ဥပဒေအသိပညာ ပြန့်ပွားရေးဆရာဖြစ်သင်တန်း (TOT) သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပခဲ့ရာ ပြည်နယ်ဥပဒေအရာရှိ ဦးကျော်သိန်းလွင်က အမှာစကား ပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် ရပ်ကွက်၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၏ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များ၊ လုပ်ငန်းအခြေခံမူများ၊ လုပ်ငန်းတာဝန်များ၊ တည်ဆဲဥပဒေတစ်ရပ်ရပ်က ပေးအပ်သောတာဝန်များ၊ ရပ်/ကျေးဥပဒေ၊ နည်းဥပဒေများ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများ၊ ပြည်သူ့စစ်မှုထမ်း ဥပဒေ၊  ၂၀၀၈ ခုနှစ်၊  ဖွဲ့စည်းပုံအခြေခံဥပဒေတို့ကို သင်ကြားပို့ချခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားတွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး စုစုပေါင်း (၆၇) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်း ဆန်းစစ်ချက်ဖြေဆိုခြင်းတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိခဲ့ကြသော ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတို့အား ကရင်ပြည်နယ် ဥပဒေအရာရှိ ဦးကျော်သိန်းလွင်က ဆုချီးမြင့်ပေးခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း  သိရသည်။

စောဒိ(ပြန်/ဆက်)