ကြို့ပင်ကောက် ဇန်နဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့တွင် နွေရာသီ ရေရှားပါးမှုမဖြစ်ပေါ်စေရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ တွင် ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်က ရေစတင်ပို့လွှတ်ပါက ဆောင်းသီးနှံ မတ်ပဲခင်းများ အတွင်း ရေဝင်ရောက်မှု မရှိစေရေး၊ ကျောင်းကုန်းကျေးရွာနှင့် ပန်းတင်ကျေးရွာတို့မှ ရေသွယ်မြောင်းများ သန့်ရှင်းရေး၊ မြို့၏ အဓိက အားထားရာဖြစ်သော ဆေးရုံကန်၊ လေယာဉ်ပျံကန်နှင့် ကန်ညီနောင်ကန်တို့အား ဦးစားပေး ရေရောက်ရှိစေရေးနှင့် မြို့အနောက် ဘက်ခြမ်း ရေကန်များ အတွင်း ရေရောက်ရှိစေရေးတို့အား ဦးစားပေးဆောင်ရွက်သွားရန် မှာကြားခဲ့ရာ အခမ်းအနား တက်ရောက်လာကြသော ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဆည်မြောင်းဌာန၊ စည်ပင်သာယာရေးအဖွဲ့ရုံးမှ တာဝန်ရှိသူများ၊ မြို့ပေါ်(၁၀)ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် မြို့မိ မြို့ဖများက ဆောင်ရွက်သွားမည့် လုပ်ငန်းများအား တင်ပြဆွေးနွေးခဲ့ကြသည်။
ကြို့ပင်ကောက်မြို့ပေါ် ရပ်ကွက်ရေကန်များသို့ ရေရောက်ရှိစေရေးအတွက် အဓိက ရေပေးပို့နေသော ဘော်ဘင်ဆည်မှ ရေသည် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ကျောင်းကုန်းကျေးရွာထိပ်ရှိ မြို့အတွင်း သွယ်ယူထားသော ရေတံခါးသို့ ရေရောက်ရှိမည်ဖြစ်ကြောင်း ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)