အိမ်မဲ ဇူလိုင် ၂၄
မိုးရာသီကာလအတွင်း ရေဘေးအန္တရာယ်များ ကျရောက်လာပါက လျင်မြန်ထိရောက်စွာ တုံ့ပြန် ကယ်ဆယ်နိုင်ရေးနှင့် ဌာနဆိုင်ရာများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းစေရန် ရည်ရွယ်၍ ရေဘေးအန္တရာယ်တုံ့ပြန်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို အိမ်မဲမြို့နယ် ချောင်းဝရပ်ကွက် (၁) လမ်းအိမ်မဲချောင်းအတွင်း၌ ယမန်နေ့ မွန်းလွဲ (၃) နာရီအချိန်က မြို့နယ် မီးသတ်တပ်ဖွဲ့က ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဒုတိယမီးသတ်ဦးစီးမှူး ဦးတင်မျိုးဝင်းက အသက်ကယ်အင်္ကျီ (Life Jacket) ကို မှန်ကန်စွာဝတ်ဆင်အသုံးပြုနည်းနှင့် ရေဘေးအန္တရာယ် ကြုံတွေ့ချိန်တွင် လိုက်နာဆောင်ရွက်ရမည့် အခြေခံလုံခြုံရေးဆိုင်ရာ အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဇာတ်တိုက်လေ့ကျင့်မှုအဖြစ် သင်္ဘောပေါ်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားသည်ကို မီးငြှိမ်းသတ်ခြင်း၊ ရေနစ်နေသူအား စနစ်တကျ ရှာဖွေကယ်ဆယ်ခြင်း၊ ကယ်ဆယ်ရရှိသူအား မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့က ရှေးဦးသူနာပြုစုခြင်းများ ဆောင်ရွက်ခဲ့ပြီး လိုအပ်သည့်ကုသမှုများ ဆက်လက်ခံယူနိုင်ရန် လူနာတင်ယာဉ်ဖြင့် ပို့ဆောင်သည့် သရုပ်ပြအစီအစဉ်များကို လက်တွေ့သရုပ်ပြခဲ့ကြသည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့်မှုသည် ရေဘေးအန္တရာယ်များ ဖြစ်ပွားလာချိန်တွင် သက်ဆိုင်ရာဌာနများအကြား အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းတုံ့ပြန်နိုင်စေရန်၊ အသက်နှင့် ပစ္စည်းဆုံးရှုံးမှုများကို အနည်းဆုံးဖြစ်စေရန်၊ ကယ်ဆယ်ရေးလုပ်ငန်းများကို စနစ်တကျနှင့် ထိရောက်စွာဆောင်ရွက်နိုင်စေရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ အိမ်မဲမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်တာဝန်ရှိသူများ၊ ပြည်သူများ စုစုပေါင်း အင်အား (၁၅၀) ဦးခန့် တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ချစ်သက်လယ် (ပြန်/ဆက်)