မိုးညို ဇူလိုင် ၂၄
ဒေသတွင်းဆန်စပါးဖူလုံပိုလျှံရေးအတွက် ယခုနှစ် မိုးရာသီကာလအတွင်း မိုးစပါးစိုက်ဧက ၄၈၈၆၀ နှင့် အခြားမိုးသီးနှံများကို ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု များတွင် စိုက်ပျိုးပြီးစီးခဲ့သည်။
မိုးစပါးစိုက်ပျိုးရာတွင် ဆင်းသုခ၊ ရက်(၉၀)၊ ရေဆင်းပေါ်ဆန်း - ၁/၂၊ ရတနာတိုး၊ YMR - 20(ရေမြုပ်ခံ)၊ တောင်ပြန်မွှေး၊ အောင်နိုင်တိုး၊ ဗီယက်နမ် စပါးမျိုးများကို အဓိကထား စိုက်ပျိုးလျက်ရှိပြီး ဒေသအလိုက် စိုက်ပျိုးနည်းစနစ်များဖြစ်သည့် ပျိုးထောင်စိုက်ပျိုးခြင်း၊ အစေ့တိုက်ရိုက်ချစိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း နည်းလမ်းများဖြင့်စိုက်ပျိုးခဲ့ရာ မိုးစပါးစိုက်ဧက ၄၈၈၆၀ ကို စိုက်ပျိုးနိုင်ခဲ့သည်။ ထို့အပြင် အခြားမိုးသီးနှံများဖြစ်သည့် မြေပဲ(မိုး) ၂၁၄ ဧက၊ နှမ်း (မိုးကြို/မိုး) ၃၄၃၇၅ ဧက၊ ပဲပုတ်(မိုး) ၁၉၂၄ ဧက၊ ငရုပ်စို(မိုး) ၈၂ ဧကနှင့် ဟင်းသီးဟင်းရွက် ၄၉၈ ဧက တို့ကိုလည်း စိုက်ပျိုးပြီးဖြစ်သည်။
စိုက်ပျိုးရေးဦးစီးဌာနမှ စပါးအထွက်နှုန်း တိုးတက်ကောင်းမွန်ရေးအတွက် မျိုးကောင်းမျိုးသန့် စပါးများနှင့် စိုက်ပျိုးရေးနည်းစနစ်ကောင်းများကို ဖြန့်ဖြူးပေးခြင်း၊ ဓာတ်မြေဩဇာ အမျိုးအစားများနှင့် အဖျက်ပိုးမွှားများအန္တရာယ်ကာကွယ်ရေးအတွက် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများကို စနစ်တကျလမ်းညွှန်ပေးခြင်း၊ သီးနှံများစိုက်ပျိုးရာတွင် တောင်သူများ အခက်အခဲမရှိစေရေးနှင့် နည်းစနစ်မှန်ကန်ရေးအတွက် တောင်သူအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကိုမင်း(ပြန်/ဆက်)