ဆင်ပေါင်ဝဲ ဇူလိုင် ၂၄
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အညာကျေးလက်ဒေသများရှိ ဒေသခံ တောင်သူများသည် မြေအောက်ရေကိုအမှီပြု၍ ဟင်းသီးဟင်းရွက်စားပင်သီးနှံမျိုးစုံ စိုက်ပျိုးရာတွင်အောင်မြင်ဖြစ်ထွန်းပြီး မိသားစုပုံမှန်ဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
တိုင်ထောင်ပဲသီးနှံ စိုက်ပျိုးရာတွင် တစ်ပင်နှင့် တစ်ပင် အနည်းဆုံး တစ်တောင်အကွာ စိုက်ပျိုးရကြောင်း၊ အသီးအပွင့်များ မတင်မီတိုင်ထောင်ခြင်းလုပ်ငန်းအား ကြိုတင်ဆောင်ရွက်ထားရှိရကြောင်း၊ စိုက်ပျိုးပြီးအချိန်တစ်လကြာပါက စျေးကွက်ဝင်တိုင်ထောင်ပဲသီးနှံကို စတင်ဆွတ်ခူးရောင်းချရကြောင်း သိရသည်။ “ကျွန်တော်တို့ဒေသမှာ ဟင်းသီးဟင်းရွက်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းမှာ တိုင်ထောင်ပဲသီးနှံစိုက်ပျိုးရေးလုပ်ငန်းဟာလည်း အောင်မြင်ဖြစ်ထွန်းမှုရှိပြီး မိသားစု ပုံမှန်ဝင်ငွေရရှိတဲ့အတွက် အဆင်ပြေပါတယ်။ စိုက်ပျိုးထားမှုကတော့ တိုင်ထောင်ပဲသီးနှံ အပင်ရေ (၇၀၀) လောက် စိုက်ပျိုးထားတာဖြစ်ပါ တယ်။ လက်ရှိမှာတော့ ပိဿာချိန် (၁၀၀) ကျော်လောက် ဆွတ်ခူးရောင်းချနေရပါပြီ။ စျေးနှုန်းကတော့ တိုင်ထောင်ပဲ ဆယ်ငါးတောင့် တစ်စည်းလျှင် (၁၀၀၀) ကျပ် ရောင်းချပါတယ်။ ဖောက်သည်ဝယ်ယူတဲ့သူတွေက ခြံအထိလာရောက်ဝယ်ယူကြပါတယ်။ အပြင်ထွက်ပြီးရောင်းစရာမလိုတော့ ခရီးစရိတ်အကုန်အကျလဲ သက်သာတဲ့အတွက် တိုင်ထောင်ပဲသီးနှံစိုက်ပျိုးရေးလုပ်ငန်းက တောင်သူတွေအတွက်အရမ်းအဆင်ပြေပါတယ်” ဟု ဆင်ပေါင်ဝဲမြို့နယ် အမှတ်(၂)ရပ်ကွက် တစ်ပိုင်တစ်နိုင် တိုင်ထောင်ပဲသီးနှံစိုက်ပျိုးတောင်သူ ကိုတင်ဇော်ဦးက ပြောသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)