ကံမမြို့နယ်၌ ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ

ကံမ ဇူလိုင် ၂၄

တောင်သူများ စိုက်ပျိုးထုတ်လုပ်မှုအဆင်ပြေချောမွေ့စေရန်အတွက် ကံမမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၄၂)အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူများအားထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက အလပ်လယ်ကျေးရွာအုပ်စုမှ တောင်သူ(၉၄)ဦးတို့၏ မိုးစပါးစိုက် ဧက(၂၀၅)ဧက အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကျပ် (၆၁၅) သိန်းအား ထုတ်ချေးပေးခဲ့သည်။ 

ကံမမြို့နယ်၌ ငွေကျပ် သိန်းပေါင်း ငါးသောင်း ငါးရာသိန်းအား ထုတ်ချေးပေးရန် လျာထားပြီး မိုးစပါးစိုက်ပျိုးမြေတစ်ဧကလျှင် ယခင်နှစ်များက ငွေကျပ်တစ်သိန်းငါးသောင်းနှုန်း ထုတ်ချေးပေးရာမှ ယခုနှစ်တွင် ‌ငွေကျပ် သုံးသိန်းနှုန်း၊ မြေပဲ နှမ်း အစရှိသည့် အခြားသီးနှံစိုက်ဧက တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းထုတ်ချေးပေးရာမှ ငွေကျပ်နှစ်သိန်းငါးသောင်းနှုန်းဖြင့် တိုးမြှင့်ထုတ်ချေးပေးခဲ့‌ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဦးအောင်မြင့်ကျော်က ပြောကြားခဲ့သည်။ “စိုက်ပျိုးစရိတ်မြင့်တက်လာသည့်အလျောက် စိုက်ပျိုးစရိတ်ချေးငွေများတိုးမြှင့်ရရှိခဲ့၍ မိမိတို့တောင်သူများ စိုက်ပျိုးထုတ်လုပ်ရာတွင် အထောက်အပံ့ကောင်းစွာရရှိသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း” ဘဏ်အဖွဲ့ဝင် တောင်သူတစ်ဦးက ပြောကြားခဲ့သည်။

ကျော်ဇေယျဝင်း(ကံမ)