အောင်လံမြို့နယ် မအူခုံကျေးရွာအုပ်စု၌ မိုးနှမ်း Radiation အကွက်ကျယ် စမ်းသပ်ကွက်နှင့် မြေပဲပန်းတိုင်စံပြကွက် ကွင်းသရုပ်ပြပွဲ ကျင်းပ

​အောင်လံ ဇူလိုင် ၂၄

​မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် မအူခုံကျေးရွာအုပ်စု၊ မအူခုံကျေးရွာ ကွင်းအမှတ်(၂၁၇)တွင် မိုးနှမ်း Radiation အကွက်ကျယ် စမ်းသပ်ကွက်နှင့် မြေပဲပန်းတိုင်စံပြကွက် ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါ စိုက်ခင်း၌ ကျင်းပခဲ့သည်။

အဆိုပါ ကွင်းသရုပ်ပြပွဲသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှရွှေ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ဆည်မြောင်း/ရေအရင်းအမြစ်) မြို့နယ်ဦးစီးမှူးများ၊ မြို့နယ်မြေစာရင်းဦးစီးမှူးများ တက်ရောက်ခဲ့ကြပါသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနတာဝန်ရှိသူများက မိုးနှမ်း Radiation နည်းပညာဆိုင်ရာများကို ရှင်းလင်းပြောကြားရာတွင် အဆိုပါနည်းပညာမှာ မျိုးစေ့များကို ဓာတ်ရောင်ခြည်ဖြင့် မျိုးဗီဇပြောင်းလဲမြှင့်တင်ထားခြင်းဖြစ်ပြီး အပူပေးထားခြင်းမဟုတ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ပိုးမွှားနှင့် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိခြင်း၊ ထွက်ရှိလာသည့် သီးနှံအရည်အသွေးကောင်းမွန်ခြင်းနှင့် အထွက်နှုန်းပိုမိုတိုးတက်စေခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း ပညာပေးရှင်းလင်းခဲ့သည်။ ယင်းနောက် တာဝန်ရှိသူများသည် မအူခုံကျေးရွာအုပ်စု ကွင်းအမှတ် (၂၁၇) ရှိ ဒေသခံတောင်သူ ဦးသိန်းလှိုင်၏ မိုးနှမ်း Radiation အကွက်ကျယ် စမ်းသပ်ကွက်အား စံကွက်ရိတ်သိမ်းကြရာ တစ်ဧကတွင် (၂၁.၆၅) တင်းနှုန်း ထွက်ရှိပြီး၊ ဒေသခံတောင်သူ ဦးမြင့်အောင်၏ မြေပဲပန်းတိုင်စံပြကွက်အား စံကွက်ရိတ်သိမ်းကြရာ တစ်ဧကတွင် (၇၁.၂၅) တင်း နှုန်း ထွက်ရှိကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)