ပြည် ဇူလိုင် ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ၊ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းရှိ အောင်ဆန်း ခန်းမ၌ "မြို့တော်သန့်ရှင်းသာယာလှပရေး" ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှုး ဦးရဲနီထွန်းက အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားကိုဆက်လက်ကျင်းပခဲ့ရာ ပြည်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူးဦးသန်းဇော်ထွေးကပတ်၀န်းကျင်ဆိုင်ရာ အသိပညာများကိုလည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ ဦးစီးအရာရှိ ဒေါ်မာလာသိန်းမှအမှိုက်သရိုက်များကိုစနစ်တကျ စွန်ပစ်ခြင်းဆိုင်ရာ အသိပညာများကိုလည်းကောင်း၊ အခြေခံပညာဦးစီးဌာန၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအေးလွင်မှ ကျောင်းသား/သူများအား ကျောင်းများစနစ်တကျ သန့်ရှင်းသာယာလှပရေး အတွက် အမှိုက်များကို စနစ်တကျစွန့်ပစ်ရန်ကိုလည်းကောင်း၊ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊မြို့နယ်ဦးစီးမှုး ဒေါက်တာကေခိုင်၀င်းမှ ပလက်စတစ်နှင့် ပတ်သတ်၍ အပူလွန်ကဲ သော ပစ္စည်းများအား ပလက်စတစ်အိတ်များနှင့် ထုတ်ပိုးခြင်းမပြုရန်ကို လည်းကောင်းစသည့် မြို့တော်သန့်ရှင်းသာယာလှပရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာ အကြောင်းအရာများကို အသီးသီး ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းခဲ့ရာ သက်ဆိုင်ရာ တာ၀န်ရှိသူများက ပြန်လည်ဖြေကြား ခဲ့သည်။
အဆိုပါမြို့တော်သန့်ရှင်းသာယာလှပရေး ပြည်သူ့စကားဝိုင်းတွင် ပြည်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုးနှင့်အဖွဲ့၀င်များ၊ ပြည်မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသိပညာပေး ဟောပြောပွဲသို့ တက်ရောက်လာကြသည့် အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က အောင်ဆန်း မှကျောင်းသား/ကျောင်းသူ လူငယ်မောင်မယ်များအား ဗဟုသုတတိုးပွားစေရေးအတွက် နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များ ပြသခဲ့ကြောင်းသိရသည်။
ဝဏ္ဏထွန်း(ပြန်/ဆက်)