ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ လျှော်ဖြူဧကအားလုံး ရာနှုန်းပြည့် စိုက်ပျိုးပြီးစီး

ပွင့်ဖြူ ဇူလိုင် ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ လျှော်ဖြူဧကအားလုံး ရာနှုန်းပြည့်စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ လျှော်ဖြူ ၂၅၇ ဧက စိုက်ပျိုးရန် လျာထားပြီး ယခုနှစ် မေလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် ဧကအားလုံး ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။ "ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်မှာ လျှော်ဖြူဧက ၂၀၀ ကျော် စိုက်ပျိုးဖို့အတွက် လျာထားပါတယ်။ လက်ရှိအချိန်မှာ ရာနှုန်းပြည့်စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ လျှော်ဖြူစိုက်ပျိုးရေးလုပ်ငန်းက မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်ပြီး ရေငတ်ဒဏ်လည်း ခံနိုင်တော့စိုက်ပျိုးလို့လဲ အဆင်ပြေတယ်။ လျှော်ဖြူစိုက်ပျိုးရေးနဲ့ ပတ်သက်ပြီးတော့ ဓာတုကင်းစင်တဲ့ လျှော်ဖြူအရည်အသွေးကောင်းများရရှိစေရန်အတွက် တောင်သူတွေကို GAP စိုက်နည်းစနစ်နဲ့ ပြုစုထိန်းသိမ်းနည်းပညာများကို အသိပညာပေးတာတွေ ဆောင်ရွက်ပေးပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်တွင် တောင်သူများက နှစ်ရှည်သီးနှံဖြစ်သည့် လျှော်ဖြူစိုက်ပျိုးရေးလုပ်ငန်းအား စိုက်ပျိုးစရိတ် အရင်းအနှီးအကုန်အကျသက်သာသဖြင့် နှစ်စဉ် မိုးသီးနှံစိုက်ပျိုးရာသီ၌ တစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ လျှော်ဖြူအထွက်နှုန်းတိုးတက်စေရေးနှင့် လျှော်ဖြူဈေးကွက်ဝင် ရောင်းချနိုင်ရေးအတွက်လည်း စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကြီးကြပ်မှုဖြင့် ကုန်သည်ကြီးများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ လျှော်ဖြူကို အရည်အသွေးနှင့်အထွက်နှုန်း တိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းသုံးစွဲမှု ဖူလုံနိုင်မည့်အပြင် ပိုလျှံမှုကိုရောင်းချနိုင်သဖြင့်ဝင်ငွေရရှိပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ရာ လျှော်ဖြူကိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးပမ်းကြရမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။ 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)