ပြည် ဇူလိုင် ၂၄
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ၊ပြည်မြို့နယ် သံဃနာယကအဖွဲ့ (ဂိုဏ်းပေါင်းစုံ) ဆရာတော်ကြီးများ ကြီးမှူးကျင်းပသော “သံဃနာယကနှင့်ဝိနည်းဓိုရ်ဆင့်ပွားသင်တန်း" ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းတွင် ပြည်မြို့၊ နဝဒေးရပ်ကွက်၊ ပြည်မြို့နယ် (ဂိုဏ်းပေါင်းစုံ) သံဃနာယကအဖွဲ့ရုံးတည်ရာ ဝင်္ကဘာတောရ ဘ/က စာသင်တိုက်၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားကို "နမောတဿ”(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကာ ပြည်မြို့နယ် (ဂိုဏ်းပေါင်းစုံ) သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် “မဟာသဒ္ဓမ္မဇောတိကဓဇ” “ဂန္ထဝါစကပဏ္ဍိတ” ဒေါက်တာဘဒ္ဒန္တဩဘာသ မှ ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းဖွင့်လှစ်ရခြင်း နှင့်စပ်လျဉ်း၍ ဩဝါဒကထာ မြွက်ကြားပြီး သင်တန်းဩဝါဒါစရိယဆရာတော်ကြီးများ၊ သင်တန်းပို့ချမည့်ဆရာတော်ကြီးများ၊ ပြည်မြို့နယ်(ဂိုဏ်းပေါင်းစုံ) သံဃနာယကအဖွဲ့ ဆရာတော်ကြီးများ၊ ပြည်မြို့နယ်(ဂိုဏ်းပေါင်းစုံ) တိုင်း/မြို့နယ် ဝိနည်းဓိုရ်၊ ရပ်ကွက်/အုပ်စု/ ကျေးရွာ သံဃနာယက သင်တန်းသားဆရာတော်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ အမှူးပြုသော ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ တပည့် ဒါယကာ၊ ဒါယိကာမများတို့က တက်ရောက်ကြည်ညိုခဲ့ကြသည်။
ဒုတိယပိုင်းအစီအစဉ်အဖြစ် ပြည်မြို့နယ်(ဂိုဏ်းပေါင်းစုံ)သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် “မဟာသဒ္ဓမ္မဇောတိကဓဇ” “ဂန္ထဝါစကပဏ္ဍိတ” ဒေါက်တာဘဒ္ဒန္တဩဘာသ က ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ဝိနိစ္ဆယလက်စွဲ၊ ညွှန်ကြားလွှာများနှင့်စပ်လျဉ်း၍ သင်ခန်းစာများကို စတင်ပို့ချသင်ကြား ပေးပြီး အဆိုပါ သင်တန်းသည် သံဃာ့အဖွဲ့အစည်းအတွင်း ဝိနည်းဒေသနာတော်များနှင့်အညီ လုပ်ထုံး လုပ်နည်းများ စနစ်တကျရှိစေရန်နှင့် သံဃာ့နာယကလုပ်ငန်းစဉ်များကို ပိုမိုထိရောက်စွာ ဆောင်
ရွက်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်းနှင့် သင်တန်းသားဆရာတော်(၁၂၇)ပါးဖြင့် သင်တန်းကာလမှာ ဇူလိုင်လ(၂၃)ရက်နေ့မှ (၂၇)ရက်နေ့အထိ (၅)ရက်တိုင်တိုင် ပို့ချသွားမည် ဖြစ်ကြောင်း သိရှိရသည်။
အေးမိုး(ပြန်/ဆက်)