ကယားပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာကျောင်းများတွင် ငှက်ပျောပင်စိုက်ပျိုးပွဲနှင့် အခြေခံနှင့် မွမ်းမံ စက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

လွိုင်ကော် ဇူလိုင် ၂၃

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် လွိုင်ကော်မြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ မူလတန်းကျောင်းသား ကျောင်းသူများ ခန္ဓာကိုယ်နှင့် ဉာဏ်ရည် ဖွံ့ဖြိုးစေရေး အထောက်အကူပြု အာဟာရ ဖြည့်စွက်စာငှက်ပျောသီး ကျွေးမွေးနိုင်ရန်အတွက် ငှက်ပျောပင် စိုက်ပျိုးပွဲကို ယနေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့ နမ့်ဘော်ဝမ်(ခ) ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းလွန်ကျောင်း နမ့်ဘော်ဝမ်(ခါး)၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်အားပေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဖီးကြမ်း ငှက်ပျောပင်များကို ပေးအပ်ရာ ပြည်နယ် ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့က လက်ခံရယူသည်။ ဆက်လက်၍ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီးတို့က ဖီးကြမ်းငှက်ပျောပင်များကို ပေးအပ်ရာ ကျောင်းသား ကျောင်းသူများက အသီးသီးလက်ခံရယူသည်။

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သစ်တောဦးစီးဌာနနှင့် စိုက်ပျိုးရေး ဦးစီးဌာန ဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားကျောင်းသူ များက ငှက်ပျောပင်များ စုပေါင်းစိုက်ပျိုးမှုကို ကြည့်ရှုအားပေးခဲ့သည်။

လွိုင်ကော်မြို့နှင့် လောပိတမြို့ရှိ အခြေခံပညာကျောင်း ၁၄ ကျောင်းတွင် ဖီးကြမ်း ငှက်ပျောပင် ၄၆၀ ပင် စိုက်ပျိုးထားပြီးဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၌ ဖွင့်လှစ်သည့် အခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်အတွင်း အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်၊ မိသားစုဝင်ငွေ တိုးတက် စေရန်နှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းမှ သင်ကြားပို့ချမှုများကို စနစ်တကျ လေ့လာ သင်ယူပြီး အသေးစားကုန်ထုတ်လုပ်ငန်းရှင်များအဖြစ် ရပ်တည်နိုင်အောင် ကြိုးစားသွားကြစေလို ကြောင်း စသည်ဖြင့် ပြောကြားသည်။

ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက အသေးစား ထုတ်ကုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက သင်တန်းသုံးစက်ချုပ်ပစ္စည်းများပေးအပ်ရာ သင်တန်းသူတစ်ဦးက လက်ခံရယူသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် စကားပြောကြားပြီး သင်တန်းသုံးပစ္စည်းများကို ကြည့်ရှုအားပေးပြီး စက်ရက်ကန်း၊ လက်ရက်ကန်း လက်တွေ့သင်ကြားပေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ အခြေခံစက်ချုပ်နည်းပညာသင်တန်းကို ဇူလိုင်လ ၂၂ ရက်မှ ဩဂုတ်လ ၂၀ ရက်အထိနှင့် မွမ်းမံစက်ချုပ်နည်းပညာသင်တန်းကို ဩဂုတ်လ ၂၄ ရက်မှ စက်တင်ဘာလ ၇ ရက်အထိ သင်တန်းသူ ၁၅ ဦးအား သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။

နန်းမေစုအောင်(ပြန်/ဆက်)