ကျောက်ကြီးမြို့နယ် မြို့မစည်ပင်စျေး၌ သက်သာသောစျေးနှုန်းဖြင့် ကြက်သားများ နေ့စဉ်ရောင်းချ

 ကျောက်ကြီး ဇူလိုင် ၂၄

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့မစည်ပင်စျေးတွင် သက်သာသောစျေးနှုန်းဖြင့် ကြက်သားများ နေ့စဥ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ကြိးမြို့နယ်တွင် ခြံဖမ်းအိမ်ကြက် (၁) ပိဿာ (၂၀၀၀၀) ကျပ်၊ ခြံဖမ်း CP ကြက် (၁) ပိဿာ (၁၈၀၀၀) ကျပ်ရှိပြီး မြို့မစည်ပင်စျေးတွင် ကြက်သားရောင်းချသူ (၅) ဦးရှိကာ ပံ့သကူအိမ်ကြက် (၁) ပိဿာ (၃၅၀၀၀) ကျပ်၊ ပံ့သကူ CP ကြက် (၁) ပိဿာ (၃၀၀၀၀) ကျပ်ဖြင့် နေ့စဥ် (၂၀) ပိဿာခန့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှူဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ကြီးမြို့မစည်ပင်စျေးတွင် ဒေသခံပြည်သူများ စိတ်အေးချမ်းသာစွာ အရောင်းအဝယ်ပြုနိုင်စေရေး စျေးအတွင်းရောင်းချသည့် ကုန်ပစ္စည်းများ၊ သားငါးများအား လတ်ဆတ်မှု ကုန်ပစ္စည်းမှန်ကန်မှု၊ အလေးချိန်မှန်ကန်မှု၊ မီးဘေးလုံခြုံရေး၊ စျေးလုံခြုံရေး၊ သန့်ရှင်းရေးနှင့် ဥပဒေမဲ့လုပ်ရပ်များမဖြစ်ပေါ်စေရေးကို စျေးကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးထားကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယဦးစီးမှူး ဦးနေလင်းနောင် ပြောကြားချက်အရ သိရသည်။

မြို့နယ် (ပြန်/ဆက်)