ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ လှိုင်းဘွဲမြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ခံများနှင့်တွေ့ဆုံ၍ ဌာနဆိုင်ရာလုပ်ငန်းများအောင်မြင်စေရေးအတွက် ညှိနှိုင်းဆွေးနွေး

လှိုင်းဘွဲ  ဇူလိုင် ၂၄

ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကိုနှင့် ဒုတိယဥက္ကဋ္ဌ ဦးအေးမင်းထွေး၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစောမြနှင့် ဦးသက်ထွေးလွင်တို့သည် ယမန်နေ့နံနက် ၁၀ နာရီက ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကိုက ပြည်သူလူထုမှရွေးချယ်တင်မြှောက်ခဲ့သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်   ပြည်သူလူထုဘဝတိုးတက်မြင့်မားစေရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်စေရေးအတွက် လွှတ်တော်အစည်းအဝေးများတွင် တင်ပြဆွေးနွေးကြပြီး ဦးစားပေလုပ်ငန်းများကို ကဏ္ဍ အလိုက်ဆောင်ရွက်ကြကြောင်း ဆွေးနွေးရှင်းပြခဲ့သည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးမင်းထွေးက မိမိတို့ ပြည်နယ်လွှတ်တော်မှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအကြောင်းကိုရှင်းပြခဲ့ပြီးနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစောမြနှင့် ဦးသက်ထွေးလွင်တို့က ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် အဆိုပြုမေးခွန်းများမေးမြန်းခဲ့မှု အခြေအနေများနှင့်  ဒေသအတွက်လိုအပ်သည့် လမ်း၊  တံတားတည်ဆောက်ရေး၊စာသင်ကျောင်းဆောင်သစ်များရရှိမှု အခြေအနေများကို ဆွေးနွေးရှင်းပြခဲ့သည်။

ထို့နောက် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ခံများက မိမိတို့၏ဌာနလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများနှင့် အခြေခံပညာကျောင်းများ၌ ဆရာ၊ ဆရာမများ လိုအပ်မှုအခြေအနေများကို တင်ပြခဲ့ကြရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ လိုအပ်ချက်များကို ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်သွားကြမည့် အစီအစဉ်များကို ဆွေးနွေးရှင်းပြခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)