မြိတ်မြို့တွင် ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ်(၁/၂ဝ၂၆) သင်တန်းဆင်းပွဲကျင်းပ

မြိတ် ဇူလိုင် ၂၄

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် သဘာဝဘေးအန္တရာယ်နှင့် ရုတ်တရက်ဖြစ်ပွားသော ဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ထိခိုက်ဆုံးရှုံးမှုနည်းပါးစေရန်၊ အချိန်နှင့်တစ်ပြေးညီ အလျင်အမြန်ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဖွင့်လှစ်လျက်ရှိသော ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲကို ဇူလိုင် (၂၄) ရက် နံနက်ပိုင်းက ခရိုင်မီးသတ်ဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပသည်။

သင်တန်းတွင် သဘာဝဘေးစီမံခန့်ခွဲရေးဆိုင်ရာ ဗဟုသုတများ၊ ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ၊ မိုးလေဝသဆိုင်ရာဗဟုသုတများ၊ ရှေးဦးပြုစုနည်းများ၊ အခြေခံကြိုးချည်နည်း၊  ကြိုးအသုံးပြု ကယ်ဆယ်နည်း၊ ခေတ်မီကယ်ဆယ်ရေးပစ္စည်းများအသုံးပြုနည်း၊ အသက်ရှူကိရိယာ အသုံးပြုနည်း အမှောင်ထုအတွင်း သွားလာမှုစနစ်၊ ရေတွင်းအသက်ကယ်နည်းစနစ်၊ ချောက်ကမ်းပါးများ ကယ်ဆယ်ရေးနည်းစနစ်၊ ပြိုကျပျက်စီးနေသော အဆောက်အဦ၌ ကယ်ဆယ်ရေးစနစ်၊ ယာဉ်မတော်တဆမှုများ ကယ်ဆယ်ရေးနည်းစနစ်၊ အခြေခံအသက်ကယ်ဆယ်ရေး အထောက်အပံ့နှင့် လူနာသယ်ဆောင်နည်းစနစ်များကို သင်ကြားပို့ချခဲ့သည်။

သင်တန်းဆင်းပွဲတွင် မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးက သဘာ၀ဘေးအန္တရာယ် အမျိုးမျိုးသည် လူသားများ၏ အသက်၊ အိုးအိမ်၊ ဥစ္စာပစ္စည်းနှင့် နိုင်ငံတစ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို အချိန်ကာလတစ်ခုအတွင်း ပြောင်းလဲပျက်စီးစေနိုင်ကြောင်း၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ ဝင်များသည် သဘာ၀ဘေးအန္တရာယ်ဖြစ်ပွားချိန်နှင့် ဖြစ်ပွားပြီးအချိန်များတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ကျွမ်းကျင်ပိုင်နိုင်စွာနှင့် စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းပြောကြားပြီး သင်တန်းသားများအား  သင်တန်းဆင်း လက်မှတ်ပေးအပ်သည်။  ထို့နောက် မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်းက သင်တန်းနည်းပြများအား ဂုဏ်ပြုဆုငွေပေးအပ်သည်။

သင်တန်းကို သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မည့် လူမှုရေးအသင်း အဖွဲ့ဝင်များအနေဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဆိုင်ရာ သိသင့်သိထိုက်သော အခြေခံသဘောတရားများ၊ စည်းမျဉ်းစည်းကမ်းများ၊ နည်းစနစ်များ၊ အထွေထွေ ဗဟုသုတများ ရရှိစေရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ပရဟိတအသင်းအဖွဲ့များမှ(၂၇)ဦး၊ အရန်/သီးသန့် မီးသတ်တပ်ဖွဲ့ဝင်များမှ(၂၀)ဦးနှင့်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ(၃)ဦး စုစုပေါင်း သင်တန်းသား(၅၀)ဦး တက်ရောက်ခဲ့ကြ၍ ဇူလိုင်(၁၃)ရက်မှ(၂၄)ရက်အထိ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)