နတ်တလင်း ဇူလိုင် ၂၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း မနောဟဒယခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး တွေ့ဆုံပွဲအခမ်းအနားကျင်းပဆောင်ရွက်ရာ တိုင်းဒေသကြီးပညာရေးမှူးရုံး (ရုံးခွဲ) ပြည်မှ တိုင်းပညာရေးမှူး ဒေါက်တာချစ်ကိုကို၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် အထက်တန်း (ခွဲ) ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ အထက်တန်းပြဆရာ/ ဆရာမများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် တိုင်းပညာရေးမှူးမှ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် ယခုစာသင်နှစ်အစကတည်းက အားလုံးပူးပေါင်း၍ စွမ်းစွမ်းတမံဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အောင်ချက်မြင့်မားရေးသည် ပညာရေးဌာန၏ အဓိကရည်ရွယ်ချက်ဖြစ်သည့်နည်းတူ ယခုစာသင်နှစ်တွင် အချိန်ပိုများ၊ ညစာသင်ဝိုင်းများ ထည့်သွင်းဆောင်ရွက်ရန်၊ ရည်မှန်းချက်ပြည့်မီရေးအတွက် အုပ်ချုပ်ရေးအဖွဲ့များနှင့်လည်း ပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ မိမိတို့ရည်မှန်းချက်ပြည့်မီရန် မိမိတို့ကျောင်းအတွက် အကျိုးပြုနိုင်မည့်၊ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြမည့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့များနှင့် မိဘဆရာအသင်းအဖွဲ့များကိုလည်း ကျောင်းများအနေဖြင့် ခိုင်မာစွာ ဖွဲ့စည်းဆောင်ရွက်ကြရန်မှာကြားပြီး အခမ်းအနားတက်ရောက်လာသော ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများနှင့် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် လိုအပ်သည်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဝေယံဖြိုး (ပြန်/ဆက်)