တောင်ငူ ဇူလိုင် ၂၄
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ပြည်သူများ အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရေးအတွက် မွေးမြူရေးလုပ်ငန်းရှင်များနှင့် တိုက်ရိုက်ချိတ်ဆက်၍ ဒေသကြက်နှင့် CP ကြက်သားများကို တောင်ငူမြို့နယ်အတွင်း နေ့စဉ်ရောင်းချပေးလျက်ရှိသည်။
ထိုသို့ နေ့စဥ်ရောင်းချပေးရာတွင် ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြားခံအဆင့်များကို လျှော့ချကာ မွေးမြူရေးလုပ်ငန်းရှင်များထံမှ တိုက်ရိုက်ဝယ်ယူ၍ ပြည်သူများထံ သက်သာသောဈေးနှုန်းဖြင့် ပြန်လည်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။ တောင်ငူမြို့ရှိ ဘုရင့်နောင်ဈေး၊ ညောင်ပင်လေးဈေးနှင့် ဘုရားဈေးတို့တွင် နေ့စဥ်ရောင်းချပေးလျက်ရှိပြီး ဈေးနှုန်းများမှာ CP ကြက်သားကို အကောင်လိုက် တစ်ပိဿာလျှင် ကျပ် ၂၀၃၀၀၊ ခုတ်သား (အခြမ်း) တစ်ပိဿာလျှင် ကျပ် ၂၂၃၀၀ ဖြင့်လည်းကောင်း၊ ဒေသကြက်သားကို အကောင်လိုက် တစ်ပိဿာလျှင် ကျပ် ၂၃၀၀၀၊ ခုတ်သား (အခြမ်း) တစ်ပိဿာလျှင် ကျပ် ၂၇၀၀၀ ဖြင့်လည်းကောင်း ရောင်းချပေးလျက်ရှိသည်။ ထိုသို့ သက်သာသောဈေးနှုန်းဖြင့် ပြည်သူများအား အရည်အသွေးပြည့်မီသော ကြက်သားများရောင်းချပေးနေမှုကို ယမန်နေ့နံနက်ပိုင်းက တောင်ငူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦး၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)