ဘားအံ ဇူလိုင် ၂၃
ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့သည် အထူးသဖြင့်မိုးရာသီတွင် ပြည်တွင်း၊ပြည်ပခရီးသွားဧည့်သည် အများအပြားလာရောက်လည်ပတ်ကြပြီး တစ်နှစ်ပတ်လုံးသွားလာလည်ပတ်နိုင်သော ခရီးသွားမြို့တော်ကြီးဖြစ်စေရေး အစိုးရ၊ လုပ်ငန်းရှင်၊ ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ခရီးသွားများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးကြစေလိုကြောင်း ဇူလိုင် ၂၃ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ(၂)၌ကျင်းပသည့် ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၅/၂၀၂၆)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက တိုက်တွန်းပြောကြားသည်။
သဘာဝအခြေခံခရီးသွားလုပ်ငန်းများ ရှေရှည်တည်တံ့ခိုင်မြဲရေးအတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးစေမည့်လုပ်ငန်းများကို ရှောင်ရှား၍ ခရီးသွားများလုံခြုံစိတ်ချစွာသွားလာနိုင်ရေး၊ သန့်ရှင်းသပ်ရပ်ရေး၊ စနစ်တကျအမှိုက်များ စွန့်ပစ်နိုင်ရေး၊ ဒေသခံပြည်သူများပူးပေါင်းပါဝင်သည့်ခရီးစဉ်ဒေသများဖြစ်စေရေး၊ ဧည့်ဝတ်ကျေပွန်သော မြို့သူ၊မြို့သား၊ ပြည်နယ်သူ၊ပြည်နယ်သားများဖြစ်စေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ယင်းအစည်းအဝေးတွင် ဆက်လက်တိုက်တွန်းပြောကြားသည်။
ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်နယ်စီမံကိန်း၊စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဦးညီညီဇော်က ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ အာဆီယံတွင်ရရှိခဲ့သောဆုတံဆိပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးက ဒေသကော်မတီ၏လုပ်ကိုင်ဆောင်ရွက်နေမှုများနှင့် ဆုံးဖြတ်အတည်ပြုပေးရမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြကာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ဘားအံခရိုင်ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဆဒ္ဒန်ဂူ၊ ကော့ဂွန်းဂူ၊ ရသေ့ပျံဂူ၊ ကော့ကသောင်ဂူ၊ လွန်းညရေပြာအိုင်၊ ဇွဲကပင်တောင်၊ ကျောက်ကလပ်၊ တောင်ဝိုင်း၊ ကျုံထော်ရေတံခွန်၊ ဖောင်တော်ဦး၊ ပဒုမ္မာဂူ၊ ဘုရင့်ညီနောင်ဂူ၊ လင်းနို့ဂူ၊ နောင်ခလိုင်ဂူ၊ ဣစ္ဆာသယဂူ၊ ကြာအင်းတောင်၊ ဗုဒ္ဓဂါယာ၊ ဖားပုတောင်၊ လှာကဒေါင်အင်း၊ လှိုင်ကော့ဖျာ ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များက သက်ဆိုင်ရာခရီးစဉ်ဒေသများအလိုက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးသင့်သည့် အခြေခံအဆောက်အဦလိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)