ဘုတ်ပြင်းခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအနက် ကျေးရွာမြေငှားဂရန်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်UID ကတ်၊ လူထုကျန်းမာရေးသင်တန်းဆင်းလက်မှတ်ပေးချီးမြှင့် 

ဘုတ်ပြင်း     ဇူလိုင်    ၉

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်အတွင်း နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအနက် ကျေးရွာမြေငှားဂရန်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ လူထုကျန်းမာရေးသင်တန်းဆင်းလက်မှတ်၊ ဓာတ်မြေဩဇာများနှင့် အသက်(၁၉)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုများပေး အပ်ချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၃ ရက် နံနက်(၁၀)နာရီက မြို့တော်ခန်းမ၌  ပြုလုပ်သည်။

ဦးစွာ ဘုတ်ပြင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းကိုက ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတကြီး ဦးဆောင်သော အစိုးရသစ်စတင်တာဝန်ယူဆောင်ရွက်သည့်  ပြည်သူလူထု၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန် အစိုးရသစ်၏ ရက်(၁၀၀)ကာလအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍအလိုက်စီမံချက်ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘုတ်ပြင်းခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအနေဖြင့် ဒေသနေပြည်သူများ ကျေးရွာမြေငှားဂရန်လက်ဝယ်ရရှိရေး၊ အသက်(၁၀)နှစ်မှ(၁၈)နှစ်အကြား နိုင်ငံသားများမှတ်ပုံတင်ကတ်ပြားကိုင်ဆောင်နိုင်ရေး၊ ဒေသခံတောင်သူများအတွက် ပန်းတိုင်အတွက်နှုန်းရရှိရေး အထွက်တိုးမျိုးစပါးနှင့်ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာရရှိအသုံးပြုနိုင်ရေး၊ ကျေးလက်နေပြည်သူများသန့်ရှင်းသောသောက်သုံးရေဖူလုံရေး၊ ကျန်းမာရေးစောက်ရှောက်မှု အခမဲ့ကွင်းဆင်းကုသပေးရေးလုပ်ငန်းများ၊ ကျောင်းသားလူငယ်များ ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားပြိုင်ပွဲများကျင်းပခြင်း၊  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းနှင့်မီးခိုမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ စသည့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို သက်ဆိုင်ဌာနများက လုပ်ငန်းကဏ္ဍအလိုက် ရာနှုန်းပြည့်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ပြီးဖြစ်ကြောင်းပြောကြားသည်။

ယင်းနောက် ကျေးရွာမြေငှားဂရန်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ၊ လူထုကျန်းမာရေး သင်တန်းဆင်းလက်မှတ်၊ ဓာတ်မြေဩဇာများနှင့် အသက်(၁၉)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုရရှိသူများကို ဘုတ်ပြင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းကို၊ အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ထွန်းမင်းခိုင်၊ မြိုနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ပေးအပ်ရာတွင် ဘုတ်ပြင်းမြို့နယ် အုန်းတောကမ်းကျေးရွာ မြေဧရိယာ(၁၃.၅၀)ဧက အတွင်းရှိ ပြည်သူများအား ကျေးရွာမြေငှားဂရန်(၁၁၀)၊ အခြေခံပညာကျောင်း(၄)ကျောင်းမှ ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ် (၈၂၅)ကတ်နှင့် UID ကတ်များ ၊ လူထုကျန်းမာရေးလုပ်သား သင်တန်းဆင်းလက်မှတ်(၃၀)၊ ထောင်ခမက်ကျေးရွာအုပ်စု အောက်လိပ်စံပြကျေးရွာမှ ပန်းတိုင်အထွက်နှုန်းရရှိရေး အကျိုးဆောင်တောင်သူ (၄၅)ဦး၏ စိုက်ဧက ၃၂၅ ဧက အတွက် ကွန်ပေါင်းဓာတ်မြေဩဇာ  ၁၂၅ အိတ်၊ သဘာဝမြေဩဇာ(၃၂၅) အိတ်နှင့် အသက် (၁၉) နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဒုတိယဆုရရှိသည့် အထက(ဘုတ်ပြင်း)ကျောင်းနှင့် အနိုင်ရဗိုလ်စွဲခဲ့သည့် အထက(အောက်လိပ်)ကျောင်းအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆု နှင့်တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)