ကော့သောင်း ဇူလိုင် ၂၃
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇော်နိုင်ဦးနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်မှတာဝန်ရှိသူများသည် ကော့သောင်းမြို့ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များ၊ ဒေသခံခရီးသွားလုပ်ငန်းဆိုင်ရာလူမှုစီးပွားကဏ္ဍအသီးသီးမှ လုပ်ငန်းရှင်များနှင့် ကော့သောင်းမြို့၊ Victoria Cliff Hotel ခန်းမ၌ ယနေ့ မွန်းလွဲပိုင်းက ကော့သောင်းမြို့ဒေသဆိုင်ရာ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးတွေ့ဆုံပွဲ ပြုလုပ်သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇော်နိုင်ဦးက “ကော့သောင်းမြို့သည် သဘာဝတရားကပေးသည့် အဖိုးမဖြတ်နိုင်သည့် ရေမြေတောတောင် အလှအပများ၊ ရေပေါ် ရေအောက် သဘာဝသယံဇာတများ ပြီးပြည့်စုံနေသည် ဒေသတစ်ခု ဖြစ်ပါကြောင်း၊ ကော့သောင်းမြို့သည် အိမ်နီးချင်း ထိုင်းနိုင်ငံနှင့်နယ်စပ်ချင်း ထိစပ်နေသည့် ဗျူဟာမြောက် တံခါးပေါက်ဖြစ်သည့်အတွက် နယ်စပ် ဖြတ်ကျော် ခရီးသွားလုပ်ငန်း(Border Tourism) အတွက်လည်း အလွန်အားသာချက်ရှိသည့် မြို့တစ်မြို့ဖြစ်ပါကြောင်း၊ထို့ကြောင့် အလားအလာကောင်းများကို စနစ်တကျအသုံးချပြီး ဒေသခံတွေအတွက် စီးပွားရေး အခွင့်အလမ်းတွေ ဖန်တီးပေးရန်၊ ရေရှည်တည်တံ့မည့်ခရီးသွား လုပ်ငန်းစနစ်တစ်ခု တည်ဆောက်ရန်
အားလုံး၏ တာဝန် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကော့သောင်း ဒေသ ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရန် ရည်မှန်းချက်ကြီးကြီးမားမားဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်စပ်ဝင်ပေါက်ကနေ နိုင်ငံတကာခရီးသည်တွေ ပိုမို ဝင်ရောက်နိုင်ဖို့အတွက် လိုအပ်သည့် ဗီဇာလုပ်ထုံး လုပ်နည်းတွေ၊ ညအိပ်ရပ်နားခွင့် ဗီဇာသက်တမ်းတိုးမြှင့်နိုင်ရေး ကိစ္စရပ်များကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ကော့သောင်းလေဆိပ် အဆင့်မြှင့်တင်ရေးနှင့် ခရီးသည်တင်သင်္ဘောဆိပ်ကမ်းများ ပိုမိုစနစ်ကျစေရန်လည်း ဘတ်ဂျက်များချထားပေးပြီး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းတွေအတွက် အဓိကကျသည့် အခြေခံအဆောက်အအုံဖြစ်တဲ့ လျှပ်စစ်မီး ရရှိရေးကို အားပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ခရီးသွားကျွန်းများတွင် ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သည့် Solar စနစ်များကို ပိုမိုအသုံးပြုနိုင်ဖို့ တိုက်တွန်းလိုပါကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် သတိထားရမည့်ကိစ္စသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဖြစ်သဖြင့် အများအပြားလာရောက်သည့် ခရီးသွားလုပ်ငန်း(Mass Tourism) ထက် သဘာဝပတ်ဝန်းကျင်ကို အလေးထားသည့်အခြေပြု ခရီးသွားလုပ်ငန်း(Eco-Tourism)နှင့် အရည်အသွေးမြင့်ခရီးသွားလုပ်ငန်း (High-Value Tourism) ဖြစ်ရမည်၊ ကျွန်းများပေါ်မှာ ပလတ်စတစ် အသုံးပြုမှုလျှော့ချရေး (Plastic-Free Islands)၊ ရေအောက် သန္တာကျောက်တန်း ထိန်းသိမ်းရေး၊ စနစ်တကျ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေး(Waste Management) စသည်တို့ကို ဟိုတယ်/အပန်းဖြေ လုပ်ငန်းရှင်များက တိတိကျကျ လိုက်နာကြရန်တိုက် တိုက်တွန်းလိုပါကြောင်း၊ ထို့အပြင် ဒေသခံများ၏ အကျိုးစီးပွားကို တိုက်ရိုက်ဖော်ဆောင်ပေးနိုင်သည့် လူထုအခြေပြု ခရီးသွားလုပ်ငန်း (Community-Based Tourism CBT) ကိုလည်း တိုးချဲ့ရမည်၊ ဆလုံတိုင်းရင်းသား ကျေးရွာများ၊ ရေလုပ်ငန်းအခြေပြုကျေးရွာများတွင် ဒေသခံများကိုယ်တိုင်ဧည့်လမ်းညွှန် လုပ်နိုင်ရန်၊ ရိုးရာလက်မှုပစ္စည်းတွေရောင်းချနိုင်ရန်နှင့် ဒေသထွက်အစားအစာများဖြင့် ဧည့်ခံနိုင်ရန်သင်တန်းများ၊ ပံ့ပိုးမှုတွေ ပိုမိုလုပ်ဆောင်ပေးသွားမည်ဖြစ်ပါကြောင်း အမှာစကားပြောကြားသည်။
ယင်းနောက် တနင်္သာရီတိုင်းဒေသဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အဖွဲ့ဝင်ဦးဗညားသိုင်းမွန်မှ ခရီးစဉ်ဒေသအတွင်းရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များမှ စုပေါင်း၍လှူဒါန်းသည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၂၀၀)အား တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ပေးအပ်လှူဒါန်းခဲ့ပြီး ဝန်ကြီးချုပ်မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ယင်းနောက် တက်ရောက်လာကြသော ကော့သောင်းမြို့ခရီးသွားလုပ်ငန်းအဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များ၊ ဒေသခံခရီးသွားလုပ်ငန်းဆိုင်ရာလူမှုစီးပွားကဏ္ဍအသီးသီးမှ လုပ်ငန်းရှင်များက ကော့သောင်းနယ်စပ်ခရီးစဉ်ဒေသတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်နိုင်စေရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့ကြပြီး တင်ပြချက်များအပေါ် တာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသခံများ၊လုပ်ငန်းရှင်များနှင့်ဌာနဆိုင်ရာများအား ဒေသခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန် အတွက် လိုအပ်သည်များ လမ်းညွှန်စကားပြောကြားခဲ့ကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)