ဟိုင်းကြီးကျွန်းမြို့၌ ၂၀၂၆/ ၂၀၂၇ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးထူးချွန်ချွန်အောင်မြင် ခဲ့ကြသော ဂုဏ်ထူးရကျောင်းသား/ ကျောင်းသူများနှင့် သင်ကြားပေးခဲ့သော ဆရာ/ ဆရာမများ အား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ဟိုင်းကြီးကျွန်း   ဇူလိုင် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ၂၀၂၆/ ၂၀၂၇ ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲ၌ ထူးထူးချွန်ချွန်အောင်မြင်ခဲ့ကြသော ဂုဏ်ထူးရကျောင်းသား/ ကျောင်းသူများနှင့် သင်ကြားပေးခဲ့သော ဆရာ/ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်တွင် အ.ထ.က အဏ္ဏဝါ၊အခြေခံပညာအထက်တန်းကျောင်း ဧရာဝတီဆောင်ခန်း မ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ ဦးစီးအရာရှိ ပထမတန်း စစ်ရေးနှင့်စစ်ထောက် ဒုတိယဗိုလ်မှူးကြီး အောင်ဘုန်းဟန်က ယခုလို ထူးထူးချွန်ချွန်အောင်မြင်ခဲ့ကြသည့်အတွက် များစွာဝမ်းမြောက်ဂုဏ်ယူမိပါကြောင်းနှင့် ပိုမိုမြင့်မားသော အောင်မြင်မှုများရရှိအောင်ဝိုင်းဝန်းကြိုးစားသွားကြရန်လိုအပ်ပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်ပြီး ဟိုင်းကြီးကျွန်းမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံက အခက်အခဲများကြားမှ ကြိုးစားပြီး သင်ယူသင်ကြားခဲ့ကြကာ ယခုလိုအောင်မြင်မှုကိုရရှိခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ် ယူမိပါကြောင်းနှင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကလည်း နိုင်ငံတော်တည်ဆောက်ရာတွင် ထူးချွန်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင် ဆက်လက်ကြိုးစားကြရန်လိုပါကြောင်း ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။

ထို့နောက် အ.ထ.က အဏ္ဏဝါ၊ကျောင်းအုပ်ဆရာမကြီး ဒေါ်ရွှေရွှေဝင်းက ယခုလိုထူးထူးချွန်ချွန် အောင်မြင်အောင် ကြိုးစားခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများအတွက် အလွန်ပင်ဂုဏ် ယူမိပါကြောင်းနှင့် ကျောင်းသား/ ကျောင်းသူများအား ထူးချွန်အောင် သင်ကြားပေးခဲ့ကြသည့် ဆရာ/ ဆရာမများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး မိဘဆရာအသင်း အလုပ်အမှုဆောင်အဖွဲ့ နာယက အငြိမ်းစားဆရာကြီး ဦးဘရွှေက ယခုလို အောင်မြင်မှုရရှိအောင် ကြိုးစားဆောင်ရွက်ခဲ့ကြသော ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများ၊ မိဘများနှင့် ဝိုင်းဝန်းပံ့ပိုးပေး ကြသူများအားလုံးကို ဟိုင်းကြီးကျွန်းမြို့သူ/ မြို့သားများအားလုံးကိုယ်စား မှတ်တမ်းတင် အသိအမှတ်ပြု ဂုဏ်ပြုပါကြောင်း ပြောကြားခဲ့ပြီး ကျောင်းသား/ ကျောင်းသူများအားလုံးကိုယ်စား ကျောင်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး ၂၀၂၆/ ၂၀၂၇ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရကျောင်းသား/ ကျောင်းသူများ၊ ဂုဏ်ထူးများရရှိအောင် သင်ကြားပေးခဲ့သော ဆရာ/ ဆရာမများအား တာဝန်ရှိသူများ၊ အ.ထ.က အဏ္ဏဝါပညာရေးမိသားစုနှင့် အလှူရှင်များမှ ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

အ.ထ.က အဏ္ဏဝါ အခြေခံပညာအထက်တန်းကျောင်းအနေဖြင့် ၂၀၂၆/ ၂၀၂၇ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ (၁၈)ဦးအနက် အောင်မြင်သူ (၁၃)ဦးရှိခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း(၇၂.၇၇)ရာခိုင်နှုန်းရရှိ၍ (၁)ဘာသာဂုဏ်ထူးရှင်(၁)ဦးရှိကြောင်း သိရသည်။

လှိုင်မျိုးအောင် (ဟိုင်းကြီးကျွန်း ပြန်/ဆက်)