ကော့ကရိတ်မြို့၌ ရေဘေးသဏ္ဍာန်တူ ရှာဖွေကယ်ဆယ်ရေးသရုပ်ပြလေ့ကျင့်

ကော့ကရိတ် ဇူလိုင် ၂၃

ကော့ကရိတ်ခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီ၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်စေရန်အတွက် ရေဘေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၅)ရပ်ကွက်၊ လှိုင်ဝအင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကော့ကရိတ်ခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာက နှစ်စဉ်မိုးရာသီတွင် ရေကြီးရေလျှံခြင်း၊ မြစ်ရေတက်မှုများဖြစ်ပေါ်သည့်အတွက် ပြည်သူများ အသက်အိုးအိမ်စည်းစိမ်များကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့် ပြည်သူများပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားပြီး ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ရဲမင်းက သဘာဝဘေးများ ဖြစ်ပေါ်လာပါက မီးသတ်ဦးစီးဌာနအနေဖြင့် အချိန်မီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ရေဘေးသရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ရေဘေးသဏ္ဍာန်တူရှာဖွေကယ်ဆယ်ရေးသရုပ်ပြသရာ မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များ ပြည်သူ့လုံခြုံ‌ရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တို့မှ ချောင်းအတွင်း ရေနစ်နေသူအား ကူညီကယ်ဆယ်ပေးပုံအဆင့်ဆင့်တို့ကို သရုပ်ပြဇတ်တိုက် လေ့ကျင့်ခဲ့ကြသည်။

ထို့နောက် ကော့ကရိတ်ခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာက ကယ်ဆယ်‌ရေးအဖွဲ့များအားချီးမြှင့်ငွေပေးအပ်ရာ မြို့နယ်မီးသတ်ဦးစီးမှူးမှ လက်ခံရယူခဲ့သည်။

အဆိုပါအခမ်းအနားသို့ အမှတ်(၁၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဒုတိယစစ်ဆင်‌ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်သက်ထွေး၊ ခရိုင်/မြိုနယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများတက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများကို ပြည်နယ်‌ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဦးစီးဌာနမှ ရေဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်ကိုလည်း အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)