ကြံခင်းမြို့နယ်ရုံးတွင် စာပေချစ်မြတ်နိုးသူများအဖွဲ့နှင့်ပူးပေါင်း၍ “လူငယ်လမ်းညွှန်”  စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ကြံခင်း      ဇူလိုင်    ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက စာပေ ချစ်မြတ်နိုးသူများအဖွဲ့ Book Club, Women Club အဖွဲ့နှင့် ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာ ကျော်စိန် ရေးသားသော “ လူငယ်လမ်းညွှန် ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြသည်။

စာဖတ်ဝိုင်းတွင် မြန်မာနိုင်ငံစာရေးဆရာအသင်းအဖွဲ့ဝင် ကဗျာဆရာ မိုးမြေသစ္စာ (Book Club) အဖွဲ့ဝင်ကမုဒိသာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က စာဖတ်ဝိုင်းများကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာ ဒေါက်တာကျော်စိန် ရေးသားသော “လူငယ်လမ်းညွှန်” စာအုပ်အား ဆရာမိုးမြေသစ္စာက လူငယ်နှင့် ကျန်းမာရေး၊ ဦးမြတ်ထွန်း (ရာဇာငယ်ကနောင်) က လူငယ်နှင့် ကြီးပွားရေး၊ ဦးသိန်းစိုးက လူငယ်နှင့်ဘာသာရေး၊ ဦးခင်မောင်ဌေးက လူငယ်နှင့်ပေါင်းသင်း ဆက်ဆံရေး၊ ဆရာ ဦးတိုးတိုး(ပညာ‌ရေး)က လူငယ်နှင့် ပညာရေး၊ ဒေါ်ဆန်းဆန်းသစ်က လူငယ်နှင့် မလိုလား အပ်သော အလေ့အထများ၊ ဒေါ်နီနီအေးက လူငယ်နှင့် အိမ်ထောင်ရေး စသည့်ခေါင်းစဉ်များဖြင့် Book Club, Women Club အဖွဲ့ဝင်များက အသီးသီးဆွေးနွေးကြပြီး၊ ဆရာမိုးမြေသစ္စာက ဆွေးနွေးမှုများ အပေါ် ခြုံငုံသုံးသပ်ဆွေးနွေးပေးခဲ့သည်။ အဆိုပါ စာဖတ်ဝိုင်းသို့တက်ရောက်လာကြသော Book Club, Women Club အဖွဲ့ဝင်များက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသ ထားသည့် သုတ၊ ရသ စာအုပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြသည်။

ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် လစဉ် လူထုအခြေပြု ဗဟိုဌာန (Community Centre ) ခန်းမတွင် စာပေချစ်မြတ်နိုးသူများအဖွဲ့ဖြင့် စာဖတ်ဝိုင်းများ ပြုလုပ် ပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်ပြည့်စုံလာစေရန် ကာယ၊ ဉာဏပြိုင်ပွဲများ ကျင်းပပေးခြင်း၊ ဆွေးနွေးပွဲများနှင့် သင်တန်းများဖွင့်လှစ်သင်ကြားပေးခြင်း တို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)