ဟုမ္မလင်း ဇူလိုင် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကြီးမှူး၍ကျင်းပသော ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲကိုစစ်ကိုင်းတိုင်းဒေသကြီးအစိုးရဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းစိန်ဖေ၊ စစ်ကိုင်းတိုင်းဒေသကြီး အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံလှစိုးနှင့် ဖိတ်ထားသည့် ဌာနဆိုင်ရာများက နေ့လယ် (၁၂) နာရီခွဲအချိန်က ဟုမ္မလင်းမြို့နယ်၊ မောင်းခမ်းစံပြကျေးရွာ ရတနာသိင်္ဂီကျောင်းတိုက် ခမ်းရတနာခန်းမကျောင်းဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းစိန်ဖေက အမှာစကားပြောကြားရာ ယခုကျေးလက်ဒေသ ဖွံ့ဖြိုးရေးစကားဝိုင်း ကျင်းပရတဲ့ရည်ရွယ်ချက်ကတော့ ဒီမိုကရေစီအင်္ဂါရပ်များနှင့်အညီ အများပြည်သူနှင့် အစိုးရ တာဝန်ရှိသူများအကြား ဆွေးနွေးတိုင်ပင်ရမယ့်အကြောင်းကိစ္စများကို ဆွေးနွေးပြောကြားနိုင်တဲ့ အခွင့်အလမ်းများကို ဖော်ဆောင်ပေးရန် မိမိရပ်ရွာဒေသမှာ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာများကို အများပြည်သူကြားမှာ ဆွေးနွေးမှုများရှိလာစေရန် ပြည်သူလူထုရဲ့ စဉ်းစားတွေခေါ်မှု မြှင့်မားလာပြီး ဆွေးနွေးပွဲတွေမှာ ပါဝင်ဆွေးနွေးတတ်တဲ့ အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ ပြည်သူ့စကားဝိုင်းသို့တက်ရောက်လာတဲ့ ဒေသခံပြည်သူများအနေနဲ့ နယ်မြေဒေသနှင့်သက်ဆိုင်ပြီး ဒေသအကျိုးပြုမည့် ဒေသဖွံ့ရေးလုပ်ငန်းများကို တင်ပြကြရန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ပေးစေလို့ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းအမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံလှစိုးက ပြည်သူများတင်ပြချက်ပေါ် သက်ဆိုင်ရာ ဌာနနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လိုအပ်ပါက အထက်သို့တင်ပြဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် ဌာနဆိုင်ရာများက မိမိ၏ဌာနကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ပေးကြရန် ရှင်းလင်းပြောကြားခဲ့ကြသည်။
ယင်းနောက် ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဧဆက်က ပြည်သူ့စကားဝိုင်း ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်လာကြသော ကျေးရွာနေပြည်သူများက မိမိကျေးရွာဖွံ့ဖြိုး တိုးတက်ရေးအတွက် အဆင်ပြေစွာသွားလာနိုင်ရေး ကျေးရွာချင်းဆက်လမ်းတွင် ကွန်ဂရစ်လမ်းမခင်းပေးနိုင်သော်လည်း ကျောက်ခင်းလမ်း ခင်းပေးနိုင်ရေးနှင့် တံတားတည်ဆောက်ပေးနိုင်ရေးဆောင်ရွက်ပေးစေလိုပါကြောင်း၊ ကျောင်းအဆင့်တိုးမြှင့်ပေးနိုင်ရေးနှင့် ကျောင်းသားဦးရေများပြားပြီး သင်ကြားရေးတွင် ကျောင်း ဆရာ/ဆရာမ မလုံလောက်၍ ဆရာ/ဆရာမ လိုအပ်လျက်ရှိပါကြောင်း၊ လက်ရှိကျောင်းဆောင်ပျက်စီးနေပြီဖြစ်၍ ပြင်ဆင်စရိတ်ချပေးနိုင်ရေး တင်ပြလိုပါကြောင်း၊ လယ်ယာ၊ စိုက်ပျိုးရေးမြေဂရန်ရရှိရေးတွက်ဆောင်ရွက်ပေးစေလိုပါကြောင်း၊ တင်ပြဆွေးနွေး ခဲ့ကြရာ တင်ပြချက်အပေါ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းစိန်ဖေနှင့် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တို့က သက်ဆိုင်ရာ ဌာနအလိုက် တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တင်ပြချက်အပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပြည်သူ့စကားဝိုင်းအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်နှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ ကျေးရွာရပ်ကွက်အုပ်ချုပ်ရေးများ၊ ရပ်မိ၊ ရပ်ဖများ (၁၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)