ဟုမ္မလင်းမြို့နယ် အ.ထ.က(မောင်းခမ်း)၌ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ၊ ထုတ်ပေးခြင်း ကွင်းဆင်းဆောင်ရွက်

ဟုမ္မလင်း ဇူလိုင် ၂၃

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်ဦးစီးဌာနရုံးအနေဖြင့် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ဆောင်ရွက်ပေးခြင်းကို ဇူလိုင်လ(၂၂)ရက်၊ နံနက် (၁၀) နာအချိန်တွင် ဟုမ္မလင်းမြို့နယ်၊ အ.ထ.က(မောင်းခမ်း) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

အဆိုပါ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ဆောင်ရွက်ပေးခြင်းအခမ်းအနားသို့ စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းစိန်ဖေက အမှာစကား ပြောကြားရာတွင် ယခုလို အသက် (၁၀) နှစ်​​ပြည့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်မရှိသူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကွင်းဆင်း ဆောင်ရွက်ပေးသည့်အတွက် ဒေသခံပြည်သူများကိုယ်စား ဝမ်းမြောက်မိပါကြောင်း ကျန်ရှိသည့် ကျေးရွာအုပ်စုများသို့လည်းကွင်းဆင်းဆောင်ရွက်ပေးစေလိုပါကြောင်းပြောကြားသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် အသက် (၁၀) နှစ်​​ပြည့်အထက် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် UID ကတ်မရှိသူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးနိုင်ဖြိုးကျော်နှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဌေးဝင်းနှင့်အဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်နေမှုကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသား ရေးရာဝန်ကြီးဦးစိုင်းစိန်ဖေ၊ စစ်ကိုင်း​တိုင်းဒေသကြီး အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံလှစိုးနှင့်အတူ ဌာနဆိုင်ရာများ လိုက်ပါ၍ သွားရောက်လှည့်လည်ကြည့်ရှုခဲ့အား​ပေးကာ လိုအပ်သည်များကို ဆောင်ရွက် ပေးခဲ့သည်။

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းစိန်ဖေ၊ လွှတ်တော်ကိုယ်စားလှယ်နှင့်တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များအား ကျောင်းသား၊ ကျောင်းသူ (၂၀) ဦး လက်ဝယ်သို့ပေးအပ်ခဲ့ပြီး ကျန်ရှိ နေသူများအား ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းစိန်ဖေ၊ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံလှစိုးနှင့်အတူ ဌာနဆိုင်များက မောင်းခမ်းတိုက်နယ်ဆေးရုံသို့ သွားရောက်ကာ ဆေးဝါးကုသခံယူနေသော ပြည်သူများကို လှည့်လည်ကြည့်ရှု အားပေးစကားပြောကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)