ဝါးခယ်မ ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ယမန်နေ့နေ့လယ် (၁၄း၀၀) နာရီအချိန်က မင်းပိုင်းရပ်ကွက်၊ ကမ်းနားလမ်း၊ မနောသုခဆိပ်၌ ရေဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေးသရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးတိုးနိုင်ဦးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်း၊ ဘက်စုံစုပေါင်းကွန်ရက်အသင်းတို့က ကြွရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများအား ရှာဖွေကယ်ဆယ်ရေးယာဥ်များဖြင့် တပ်ဖွဲ့ဝင်များက စီတန်းအလေးပြုခြင်း၊ ကယ်ဆယ်ရေးဆောင်ရွက်ရန်နေရာယူခြင်း၊ ဆီတင်စက်လှေမီးလောင်မှုအားမီးငြှိမ်းသတ်ခြင်း၊ ရေဘေးသင့်ပြည်သူများအားကယ်ဆယ်ခြင်း၊ ရှေးဦးသူနာပြုစုနည်း ဖြင့်ကုသ၍ လူနာတင်ယာဥ်ဖြင့် ဆေးရုံသို့ပို့ဆောင်ခြင်းစသည့် သရုပ်ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါသရုပ်ပြပွဲကို ဝါးခယ်မမြို့နယ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းအောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အသင်းအဖွဲ့များ၊ ပြည်သူများမှ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ရီရီလွင်(ပြန်/ဆက်)