မော်လမြိုင်ကျွန်း ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ခုနှစ် တိုင်းဒေသကြီးဘတ်ဂျက်ရန်ပုံငွေဖြင့် ဆောက်လုပ်မည့် စာသင်ကျောင်းနှင့် စာကြည့်တိုက် အဆောက်အအုံအတွက် မြေနေရာပန္နက်တင်ခြင်း မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက ကျိုက်ပိကျေးရွာအုပ်စုရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် ထီပါလယ်သောင်တန်း ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတို့တွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်လှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးအုန်းကျော်၊ မြို့နယ်ပညာရေးမှူး ဦးမင်းမင်းထွန်း၊ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီးများနှင့် ဆရာ၊ ဆရာမများက ဆောင်ရွက်ခဲ့သည်။
မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်တာဝန်ရှိသူများသည် ကျောင်းဆောက်လုပ်ရေးလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေး ပြည့်မီစွာ၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး၊ လုပ်ငန်းဆောင်ရွက်စဉ် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် အရည်အသွေးထိန်းသိမ်းရေးတို့ကို အထူးဂရုပြုဆောင်ရွက်ကြရန် တင်ဒါအောင်မြင်ထားသည့် ဇေပိုင်ဦးကုမ္ပဏီနှင့် AD ONE ကုမ္ပဏီမှ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ပြီးနောက် ကျိုက်ပိကျေးရွာရှိ (၁၆) ကုတင်ဆံ့ ပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆေးရုံ၏ကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက်နေမှုနှင့် အဆောက်အအုံအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တိုက်နယ်မှူး ဒေါက်တာစောဟိန်းထက်အား မှာကြားခဲ့ကြောင်းသိရသည်။
ရဲကိုမောင်(ပြန်/ဆက်)