ဒေးဒရဲ ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ မိုးရာသီကာလဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်များနှင့် ရုတ်တရက် ရေကြီးရေလျှံမှုများ ဖြစ်ပွားလာပါက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေးနှင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပြည်သူလူထု ပူးပေါင်းပါဝင်သော ရေပြင်ရှာဖွေကယ်ဆယ်ရေး ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်း သရုပ်ပြပွဲအခမ်းအနားအား ယမန်နေ့နံနက် (၁၀) နာရီက အမှတ် (၁) ရပ်ကွက်၊ တိုးတက်အောင် ရေယာဥ်ဆိပ်ကမ်းတွင် စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်က သဘာဝဘေးအန္တရာယ်များကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှု မဖြစ်ပွားစေရေး ကြိုတင်လေ့ကျင့်ပြင်ဆင်ခြင်းနှင့် ကယ်ဆယ်ရေးပစ္စည်းများအား အသင့် ပြင်ဆင်ထားရှိကာ အချိန်နှင့်တပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားကြရန် အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦးက တပ်ဖွဲ့ဝင်များအနေဖြင့် သဘာဝဘေးအန္တရာယ်များအပြင် လူမှုရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနက ခင်းကျင်းပြသထားသော အရေးပေါ် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့်အဖွဲ့ဝင်များ ဦးဆောင်၍ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဟန်ဝင်းစိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများ ပူးပေါင်းပါဝင်မှုဖြင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွား ပေါ်ပေါက်လာပါက အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန် ကြိုတင်ဇာတ်တိုက် လေ့ကျင့်ခြင်း၊ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများဖြင့် သဘာဝ ဘေးအန္တရာယ်များ ကြုံတွေ့ရသည့်လူများအား ရှာဖွေကယ်ဆယ်ခြင်း၊ အသက်ကယ်အင်္ကျီ ဝတ်ဆင်ပုံနည်းများ၊ သဘာဝဘေးဒဏ်ခံရသည့်လူနာများအား ရှေးဦးသူနာပြုစုနည်းများဖြင့် ကုသခြင်း၊ မြစ်ရေကြီးမြင့်လာပါက နီးစပ်ရာအရေးပေါ်စခန်းများသို့ ရွှေ့ပြောင်းရန် ဇာတ်တိုက် လေ့ကျင့်ခြင်းတို့ကို သရုပ်ပြခဲ့ကြကြောင်း သိရသည်။
အေဇာလင်း