စေတုတ္တရာ ဇန်နဝါရီ ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေများ ဖူလုံစွာရရှိနိုင်ရေးအတွက် ကျေးရွာ ရေရှိရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မူလရန်ပုံငွေ ကျပ်(၂၈.၂၇)သန်းဖြင့် နန်ကြူကျေးရွာ ရေရရှိရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုလုပ်ငန်းအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းဇော်ထွန်းနှင့် ဝန်ထမ်းများက နန်ကြူကျေးရွာတွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မူလရန်ပုံငွေ ကျပ်(၂၈.၂၇)သန်းဖြင့် ချင်းတိုင်းရင်း သားများ ဖွံ့ဖြိုးရေးကုမ္မဏီမှ တင်ဒါအောင်မြင်ကာ တာဝန်ယူဆောင်ရွက်နေသာ အရှည်(၂)မိုင် စိမ့်စမ်းရေ သွယ်တန်းခြင်းလုပ်ငန်း၊ အလျား(၂၅)ပေ၊ အနံ(၃)ပေ၊ အမြင့်(၅)ပေရှိသော ရေတားတမံ တည်ဆောက်ခြင်းနှင့် ဂါလံ(၅၀၀၀)ဆံ ရေစုကန်တည်ဆောက်နေမှုများအား ကွင်းဆင်းစစ်ဆေးရာ တွင် သတ်မှတ်ထားသော စံနှုန်းနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ/မရှိ၊ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး လုပ်ငန်း ဆောင်ရွက်ရာတွင် တွေ့ကြုံရသော အခက်အခဲ များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအနေဖြင့် (၇၅) ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြို့နယ်အတွင်းရှိ ကျေးရွာ(၈)ရွာတွင် ရေရရှိရေးလုပ်ငန်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြု ရန်ပုံငွေ၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မူလရန်ပုံငွေ၊ မွမ်းမံရန်ပုံငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းဇော်ထွန်းထံမှ သိရသည်။
စည်သူလွင်(ပြန်/ဆက်)