မကွေး ဇူလိုင် ၂၃
မကွေးတိုင်းဒေသကြီး ၂၀၂၆ ခုနှစ် ရေနံမြေ သခင်ဖိုးလှကြီးဒိုင်း အလွတ်တန်း ဖိတ်ခေါ်ရှုံး/ထွက် ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို မကွေးတိုင်းဒေသကြီးအားကစားကွင်း၌ ယမန်နေ့ညနေပိုင်းကကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော အားကစားဝါသနာရှင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်သည်။
ဦးစွာ စစ်ကြောင်းမှူးမှ တန်းအပ်သတင်းပို့ခြင်းဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုက အမှာစကားပြောကြားကာ ၂၀၂၆ ခုနှစ် ရေနံမြေသခင်ဖိုးလှကြီးဒိုင်း အလွတ်တန်းဖိတ်ခေါ်ရှုံး/ထွက် ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပြီး အားကစားသမားများက သစ္စာအဓိဌာန်(၄)ချက်အား ရွတ်ဆိုကြသည်။ ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုကဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သည့် ဘင်ခရာအဖွဲ့အား ဂုဏ်ပြုဆုငွေများပေးအပ်ပြီး ပထမနေ့ပွဲစဉ်အဖြစ် PYU FC (ပြည်မြို့)အသင်းနှင့် MMK Sport FC အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးသည်။
အဆိုပါပြိုင်ပွဲကို မကွေးတိုင်းဒေသကြီးအတွင်း စိတ်ဓာတ်၊ စည်းကမ်းပြည့်ဝသော မျိုးဆက်သစ်လူငယ် ဘောလုံးအားကစားသမားကောင်းများ စဉ်ဆက်မပြတ်ပေါ်ထွန်းလာစေရေးနှင့် မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးတို့အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ပြီး၊ ၂၀၂၆ ခုနှစ် ရေနံမြေ သခင်ဖိုးလှကြီးဒိုင်း အလွတ်တန်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို မကွေးတိုင်းဒေသကြီး အပါအဝင်အခြားတိုင်းဒေသကြီးများမှ စုစုပေါင်းဘောလုံးအသင်း (၂၄)သင်းက ဇူလိုင်လ ၂၁ ရက်နေမှ သြဂုတ်လ ၁၄ ရက်နေ့အထိ ပြိုင်ပွဲဝင်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် ပထမဆုရရှိသော ချန်ပီယံအသင်းအား ဂုဏ်ပြုဆုငွေ ကျပ်သိန်း(၂၀၀)နှင့် ဒုတိယဆုရရှိသောအသင်းအား ငွေကျပ်(၁၀၀)သိန်း ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ပြီး၊ နေ့စဉ်ပွဲစဉ်အလိုက် အကောင်းဆုံးဆု Men of the Match(MOM)ဆုကို (၁)သိန်း၊ ဗိုလ်လုပွဲစဉ်အဖြစ်ကျင်းပသည့်ပွဲတွင် အကောင်းဆုံးကစားသမားဆု(၅)ဆုကို (၁)ဆုလျှင် (၃)သိန်းကျပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲကျင်းပစဉ် ကာလပြိုင်ပွဲဝင်အသင်းများအားလုံးကို ထောက်ပံ့မှုအဖြစ် မကွေးတိုင်းဒေသကြီး ပြင်ပမှလာရောက်ယှဉ်ပြိုင်ကြမည့်အဝေးသင်းများကို မိမိအသင်းပွဲစဉ်နေ့တိုင်း ငွေကျပ် (၁၅)သိန်းနှုန်း၊ တိုင်းဒေသကြီးအတွင်းမှ လာရောက်ယှဉ်ပြိုင်ကြမည့်သင်းများကို မိမိအသင်းပွဲစဉ်နေ့တိုင်း ငွေကျပ်(၁၀)သိန်းနှုန်းဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)