မုံရွာ ဇူလိုင် ၂၃
အမှတ်(၁၄) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မုံရွာ)မှ ဦးဆောင်ပြီး အခြေခံပညာကျောင်းများနှင့်ပူးပေါင်း၍ “လူကုန်ကူးမှုအသိပညာပေးဟောပြောပွဲနှင့် ကလေးသူငယ် အသိပညာပေးဟောပြောပွဲ”ကို ဇူလိုင်လ ၂၁ ရက်နေ့နံနက်ပိုင်းက မုံရွာမြို့နယ် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ အမှတ်(၁၄) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မုံရွာ)မှ ရဲအုပ်မြတ်သူ နှင့်တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာအောင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၃၇၉) ဦး တက်ရောက်ခဲ့သည်။
ဦးစွာ အမှတ်(၁၄) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မုံရွာ) မှ ရဲအုပ်မြတ်သူက လူကုန်ကူး/လူမှောင်ခိုမှုဆိုင်ရာကိစ္စရပ်များ၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာကိစ္စရပ်များ၊ အလုပ်အကိုင် ကြေညာအတုများနှင့် ဆက်စပ်ဖြစ်ပေါ်လာနိုင်သော လူကုန်ကူးမှုအန္တရာယ် အကြောင်းများ၊ Online လိမ်လည်မှုဆိုင်ရာများ ကလေးသူငယ်ဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများအား ဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့သည်။
ထို့နောက် ဒုရဲမှူးအောင်မြင့်ဦးနှင့် ရဲတပ်သား ခိုင်ကြူလွင်က အခမ်းအနားသို့ တက်ရောက်လာသူများအား လူကုန်ကူး/လူမှောင်ခိုမှုဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)