ဆင်ပေါင်ဝဲ ဇူလိုင် ၂၃
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်ရေးအစီအစဥ်ဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ(ပထမအကြိမ်) KG ကျောင်းသား၊ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့ပေါ်အခြေခံပညာကျောင်းများ၌ ပြုလုပ်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ မွန်စိုးရီနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဖြိုးစန္ဒာသွယ်နှင့်အဖွဲ့ဝင်များနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အခြေခံပညာမူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ဆရာမကြီးများနှင့် ဆရာ၊ဆရာမများက KG ကျောင်းသား၊ ကျောင်းသူများအား လက်ကိုဆပ်ပြာဖြင့် စနစ်တကျဆေးကြောသန့်စင်ပေးပြီး ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းနှင့် အဏုအာဟာရမှုန့်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ကျောင်းသား/ကျောင်းသူများအားလုံး ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်သောအမူအကျင့်များ စွဲမြဲကျင့်သုံးတတ်စေရေးအတွက် ပညာရေးနှင့် ကျန်းမာရေး အပါအဝင် ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်ရန်၊ မူလတန်းကျောင်းသား/ကျောင်းသူများ၏ ကြီးထွားဖွံ့ဖြိုးကျန်းမာမှုနှင့် ပညာရေးတိုးတက်မှုများအတွက် ကျောင်းသား/သူများနှင့် ၎င်းတို့မိသားစုများ၏ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်ပုံစံများ မြှင့်တင်ရန်ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)