ကျောက်ကြီးမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် တန်ပိုတင်ယာဉ်များအား ဥပဒေအရ အရေးယူဆောင်ရွက်

ကျောက်ကြီး ဇန်နဝါရီ ၂၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် သဲကုန်းကျေးရွာရှိ တန်ပိုယာဉ်စစ်ဆေး ရေးဂိတ်တွင် ယနေ့ နံနက်(၇)နာရီ အချိန်မှ စတင်၍  ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးအောင်ဇင်မျိုး နှင့်အတူ မြို့နယ်အဆင့် တန်ပိုယာဉ်တားဆီးရေး ကြီးကြပ်မှုအဖွဲ့ဝင် များနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအဖွဲ့တို့ ပူးပေါင်း၍ တန်ပိုတင်ဆောင်ယာဉ်များအား စစ်ဆေးအရေးယူ ဆောင်ရွက်ခဲ့သည်။

ကျောက်ကြီးမြို့နယ်တွင် မြို့နယ်အဆင့် တန်ပိုယာဉ်တားဆီးရေး ကြီးကြပ်မှုအဖွဲ့ကို မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် သက်ဆိုင်ရာ ဌာနအကြီးအကဲများ၊ မြို့နယ်ယာဉ်လုပ်ငန်း ကြီးကြပ်ရေးကော်မတီဝင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး မြို့အတွင်း ကုန်စည်များ တင်ဆောင် သွားလာနေကြသော ကုန်တင်မော်တော် ယာဉ်များအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် အညီ ယာဉ်မောင်း များအား ဥပဒေအတိုင်း စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် လက်ရှိ အချိန်ထိ မော်တော်ယာဉ်ဥပဒေဖြင့် ကုန်တင်မော်တော်ယာဉ် (၃) စီးအား အရေးယူဆောင်ရွက် ထားကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး စောရှီးရှိုမှ ပြောကြားခဲ့သည်။

အဆိုပါ တန်ပိုယာဉ်တားဆီးရေး ကြီးကြပ်မှုအဖွဲ့မှ မြို့နယ်အတွင်းရှိ လမ်း၊ တံတားများ ရေရှည်ခိုင်ခန့် ကောင်းမွန်စေရန် သတ်မှတ် ထားသည့် တန်ချိန်အတိုင်း တင်ဆောင်မောင်းနှင်ရန်၊ ယာဉ်မောင်းများ၊ ကုန်တင် မော်တော်ယာဉ်များ နိုင်ငံတော်အစိုးရက သတ်မှတ် ထားသည့် ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်နှင့် လုပ်ငန်း လိုင်စင်များကို မိမိ၏ မော်တော်ယာဉ်နှင့်အတူ ယူဆောင်ထားရှိ မောင်းနှင် ရန်၊ မြို့အတွင်းအရှိန်​လျော့ မောင်းနှင်ရန်နှင့် တာဝန်အရ စစ်ဆေး ဆောင်ရွက်မှုအား ကြည်ဖြူစွာ လိုက်နာဆောင်ရွက်ရန် မော်တော် ယာဉ်မောင်းများအား ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးမှ သတိပေးပြောကြားခဲ့ကြောင်း သိရသည်။

K ခိုင် (ပြန်/ဆက်)